Monday, March 4, 2019

အသက် ၁၂ နှစ်အောက်မိန်းကလေးအား မုဒိမ်းမှုကျူးလွန်ပါက ထောင်ဒဏ် နှစ် ၂၀ သို့မဟုတ် ထောင်ဒဏ်တစ်သက်ချမှတ်နိုင်မည့် ရာဇသတ်ကြီးကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ပြည်သူ့လွှတ်တော်အတည်ပြု

အသက် ၁၂ နှစ်အောက် မိန်းကလေးအား မုဒိမ်းမှုကျူးလွန်ပါက ထောင်ဒဏ် နှစ် ၂၀ (သို့) ထောင်ဒစ်တစ်သက် (ထောင်ထဲတွင် သေသည်အထိ) ချမှတ်နိုင်မည့် ရာဇသတ်ကြီးကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ရာဇသတ်ကြီးကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နေပြည်တော်၌ မတ် ၄ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော်အဆုံးအဖြတ် ရယူခဲ့ခြင်း ဖြစ်သည်။

“သီးခြားပြင်ဆင်တာတော့ မရှိပါဘူး။ အမျိုးသားလွှတ်တော်က ထောင်ဒဏ်တစ်သက်နဲ့ပတ်သက်ပြီး ပြင်ဆင်ထားတဲ့အတိုင်းပါပဲ။ သဘောတူပေးထားတာပါ။ သီးခြားပြင် ဆင်တာမရှိပါဘူး။ အမျိုးသားလွှတ်တော်က အတည်ပြုချက်အတိုင်းကိုပဲ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်က အတည်ပြုပေးလိုက်တာပါ။ ဒါကို အမျိုးသားလွှတ်တော်ကို ပြန်ပို့မှာပါ။ အမျိုးသားလွှတ်တော်က ဒီအပေါ်မှာမှ လွှတ်တော်နှစ်ရပ် သဘောတူညီပြီးသား ဖြစ်သွားပြီဆိုတဲ့အခါကျတော့ ကွဲလွဲချက် မရှိရင်တော့ နိုင်ငံတော်သမ္မတဆီကို ပို့ရုံပဲ ရှိပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောကြားသည်။

အဆိုပါ ရာဇသတ်ကြီးကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား၂၀၁၈ ခုနှစ် သြဂုတ် ၁၀ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေးနိုင်ရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ယင်းဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား တစ်ပိုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

မုဒိမ်းမှုများနှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် ထုတ်ပြန်ချက်အရ ၁၆ နှစ်အောက် မုဒိမ်းမှုသည် ၂၀၁၆ ခုနှစ်တွင် ၆၇၁ မှု၊၂၀၁၇ ခုနှစ်တွင် ၈၉၇ မှုဖြစ်နေသည့်အတွက် မုဒိမ်းမှု ၂၂၆ မှုတိုးလာကြောင်း၊ ၁၆ နှစ်အထက် မုဒိမ်းမှုသည် ၂၀၁၆ ခုနှစ်တွင် ၄၂၉ မှု၊ ၂၀၁၇ ခုနှစ်တွင် ၅၀၈ မှုဖြစ်သည့်အတွက် ၇၉ မှု တိုးလာကြောင်း၊ မုဒိမ်းမှုစုစုပေါင်းသည် ၂၀၁၆ ခုနှစ်တွင် ၁၁၀၀ မှု၊၂၀၁၇ ခုနှစ်တွင် ၁၄၀၅ မှုဖြစ်သည့်အတွက် ၃၀၅ မှု တိုးလာသည်ကို တွေ့ရကြောင်း၊ သက်ငယ်မုဒိမ်းမှု အများဆုံး ဖြစ်သည့် တိုင်းဒေသကြီးများအနေဖြင့် ရန် ကုန်၊ ဧရာဝတီ၊ မန္တလေး၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းတို့ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၏ ဥပဒေကြမ်းတင်သွင်းစဉ် ပြောကြားချက်အရ သိရသည်။

လက်ရှိကျင့်သုံးနေသည့် ရာဇသတ်ကြီး၏ ပုဒ်မ ၃၇၆၊ မုဒိမ်းမှုအတွက် ပြစ်ဒဏ်တွင် မုဒိမ်းမှုကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ မုဒိမ်းကျင့်ခံရသော မိန်းမသည် မိမိ၏ မယားဖြစ်၍၊ အသက်တစ်ဆယ့် နှစ်နှစ်အောက် မဟုတ်လျှင်မူကား မုဒိမ်းကျင့်သော ထိုလင်ကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

Eleven Media Group

0 comments:

Post a Comment