Monday, March 4, 2019

ရန်ကုန်ကို နိုင်ငံတကာအဆင့်မှီမြို့တော်ကြီးဖြစ်လာစေရန် မြို့ပြအင်္ဂါရပ်နှင့်အညီ မြို့ပြစီမံကိန်းများ စနစ်တကျ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ဟုဆို


ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရန်ကုန်မြို့တော်ကြီးကို နိုင်ငံတကာအဆင့်မှီ မြို့တော်ကြီးဖြစ်လာစေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ မြို့ပြစီမံကိန်းများ စနစ်တကျ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မတ်လ ၄ ရက်တွင်ပြောသည်။ 
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က ရန်ကုန်မြို့တော် အတွင်း မြို့နယ်အလိုက် လူဦးရေနှင့်အညီ Public Area ၊ ပန်းခြံများ ၊ လူသွားလမ်းများ၊ စက်ဘီးစီးရန်လမ်းများ ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိကို သိလိုကြောင်း မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 

“ရန်ကုန်မြို့တော်ရဲ့ လက်ရှိလူဦးရေ တည်ရှိမှုအရ လူတစ်ဦးချင်းစီရဲ့ စိမ်းလန်းမြေ ဧရိယာဟာ (၅.၀၂) စတုရန်းပေပဲ ရှိပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူကြီးကြပ် စီမံခန့်ခွဲလျက် ရှိတဲ့ ပန်းခြံနဲ့ အားကစားကွင်းတွေ အဆင့်မြှင့်တင်ခြင်း ဆိုင်ရာ လုပ်ငန်းတွေကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် အရှိန်အဟုန်မြှင့်ပြီး တော့လည်း ဆက်လက် ဆောင်ရွက်နေပါတယ်။ ရန်ကုန်မြို့တော်ရဲ့ မြို့တွင်း၊ မြို့နယ်(၆) မြို့နယ်အတွင်း လူသွားလမ်းများ အဆင့်မြှင့်တင်ဖို့ လုပ်ငန်းစဉ်တွေနဲ့ စပ်လျဉ်းလို့လည်း ဂျပန်အပြည်ပြည်ဆိုင် ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA)နဲ့ လေ့လာဆန်းစစ်မှုတွေ လုပ်ပြီးတော့လည်း အကောင်အထည် ဖော်နေပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့လည်း ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။” ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။ 

မြို့ပြစီမံကိန်းများ စနစ်တကျ ရေးဆွဲ အကောင်အ ထည်ဖော် ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စီမံခန့်ခွဲဆောင်ရွက်လျက် ရှိသော ပန်းခြံ(၆၁)ခုနှင့် ကစားကွင်း(၁၁၈)ခု ရှိကြောင်း သိရသည်။ 

The Ladies News


0 comments:

Post a Comment