Monday, March 11, 2019

ဝရမ်းပြေး တာလီဘန်ခေါင်းဆောင် မူလာအိုမာ အမေရိကန်စခန်းများအနီးတွင် နေထိုင်ခဲ့


ဝရမ်းပြေး တာလီဘန်ခေါင်းဆောင် မူလာအိုမာသည် အာဖဂန်နစ္စတန်ရှိ အမေရိကန်စစ်စခန်းများမှ လမ်းလျှောက်သွားနိုင်သည့် အကွာအဝေးအတွင်း နေထိုင်သွားခဲ့သည်ဟု စာအုပ်သစ်တစ်ခုတွင် ရေးသားထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ 
ဘက်တီဒမ်ရေးသားသော ဒမူလာအိုမာ၏ လျှို့ဝှက်ဘဝဒ စာအုပ်က တာလီဘန် ခေါင်းဆောင်သည် အမေရိကန်တို့ ယုံကြည်ထားသကဲ့သို့ ပါကစ္စတန်တွင် ပုန်းအောင်းနေခဲ့ခြင်းမဟုတ်ဟု ဆိုသည်။ 

၎င်းသည် ဇာတိ ဇာဘူးလ်ပြည်နယ်ရှိ အမေရိကန်ရှေ့တန်း စီမံခန့်ခွဲရေးစခန်းမှ သုံးမိုင်ခန့်အကွာတွင် ပုန်းအောင်းနေထိုင်ခဲ့သည်ဟု သိရှိရသည်။ 

ဒတ်ခ်ျသတင်းထောက် မစ္စဒမ်သည် သူမ၏စာအုပ်အတွက် တာလီဘန်များနှင့် တွေ့ဆုံမေးမြန်း သုတေသနပြုရန် ငါးနှစ်ခန့် အချိန်ယူခဲ့သည်။ 

သူမသည် ၂၀၀၁ ခုနှစ်က တာလီဘန်အစိုးရ ပြုတ်ကျပြီးနောက် မူလာအိုမာ ပုန်းအောင်းခဲ့ရာတွင် သက်တော်စောင့် ဖြစ်လာခဲ့သူ ဂျက်ဘာအိုမရီနှင့် တွေ့ဆုံမေးမြန်းနိုင်ခဲ့သည်။ 

ဂျက်ဘာအိုမရီသည် ၂၀၁၃ တွင် တာလီဘန်ခေါင်းဆောင် ဖျားနာကွယ်လွန်ချိန်အထိ ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ 

၉/၁၁ တိုက်ခိုက်မှုကြောင့် အမေရိကန်က ဆုငွေ ဒေါ်လာ ၁၀ သန်းထုတ်ထားရသူ မူလာအိုမာသည် တာလီဘန်အစိုးရ ပြုတ်ကျပြီး မရှေးမနှောင်းမှာပင် စစ်စခန်းအနီးရှိ အိမ်အတွင်း လျှို့ဝှက်ခန်းများထဲ၌ ပုန်းအောင်းနေခဲ့သည်ဟု ဆိုသည်။ 

အမေရိကန်တပ်များသည် ဖြစ်စဉ်တစ်ခုတွင် ထိုနေရာကို ရှာဖွေခဲ့ကြသော်လည်း မူလာအိုမာ ပုန်းနေသောနေရာကို ရှာမတွေ့ခဲ့ကြဟု စာအုပ်တွင်ရေးသားထားသည်။ 

ထို့နောက်တွင် မူလာအိုမာသည် အမေရိကန်တပ်ဖွဲ့ဝင် ၁၀၀၀ ခန့်ရှိသော နောက်ထပ် တပ်စခန်းတစ်ခုမှ သုံးမိုင်ဝေးသော ဒုတိယအိမ်သို့ ရွှေ့ပြောင်းခဲ့သည်။ 

မူလာအိုမာသည် ဘီဘီစီ ပါရှ်တို ဘာသာစကားအစီအစဉ်မှ သတင်းများကို နားထောင်လေ့ရှိသည်။ မူလာအိုမာသည် စစ်သွေးကြွများ ပြောသကဲ့သို့ တာလီဘန် အဖွဲ့ကို ပုန်းအောင်းနေသည့်နေရာမှ စီမံခန့်ခွဲခဲ့ခြင်းမရှိကြောင်း စာအုပ်က ဆိုသည်။ 

သို့ရာတွင် ယခု အာဖဂန်စစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်နှင့် တာလီဘန်တို့ ဆွေးနွေးနေကြသော ကာတာနိုင်ငံရှိ တာလီဘန်ရုံးမှာ မူလာအိုမာက ခွင့်ပြုမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ 

ဘက်တီဒမ်၏ စာအုပ်ကို ဒတ်ခ်ျဘာသာဖြင့် ယခင်လက ထုတ်ဝေခဲ့ပြီး မကြာမီအချိန်အတွင်း အင်္ဂလိပ်ဘာသာဖြင့် ရရှိနိုင်မည်ဖြစ်သည်။ 

The Voice  

0 comments:

Post a Comment