Monday, March 11, 2019

အီသီယိုးပီးယား လေကြောင်းလိုင်းမှ ဘိုးအင်းဂျက်လေယာဉ် ပျက်ကျ၊ ၁၅၇ ဦး သေဆုံး



တနင်္ဂနွေနေ့က အီသီယိုးပီးယားနိုင်ငံ ဘိုလီလေဆိပ်မှ နိုင်ရိုဘီသို့ ထွက်ခွာလာသော အီသီယိုးပီးယား လေကြောင်းလိုင်းမှ ခရီးသည်တင် ဘိုးအင်း ၇၃၇ ဂျက်လေယာဉ်သည် ကွင်းမှ ပျံတက်ပြီး မိနစ်ပိုင်းအတွင်း ပျက်ကျသွားခဲ့ရာ လိုက်ပါလာသူ ၁၅၇ ဦးစလုံး သေဆုံးသွားခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ 


၎င်းလေယာဉ်သည် ဘိုလီလေဆိပ်မှ နံနက် ၈ နာရီ ၃၈ မိနစ်တွင် ပျံတက်ခဲ့ပြီး မိနစ်ပိုင်းအကြာ ၈ နာရီ ၄၄ မိနစ်တွင် ထိန်းသိမ်းရေးမျှော်စင်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ 



“လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်သူ မရှိပါဘူး။ လေယာဉ်မှူးက သူ အခက်အခဲတွေ့နေတယ်။ ပြန်လှည့်ချင်တယ်လို့ ပြောခဲ့ပါတယ်”ဟု လေကြောင်း လိုင်းဥက္ကဋ္ဌ တီဝိုးလ်ဒီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ 



လေယာဉ်ပေါ်တွင် နိုင်ငံ ၃၃ ခုမှ ခရီးသည်များ လိုက်ပါလာခဲ့ပြီး ကုလသမဂ္ဂတွင် အလုပ်လုပ်နေသူလေးဦးလည်း ပါဝင်သည်ဟု သိရှိရသည်။ 



လေယာဉ်ပျက်ကျရာတွင် ပါဝင်သွားသော ခရီးသည်များ၏ ဆွေမျိုးများက အက်ဒစ်အက်ဘာဘာနှင့် နိုင်ရိုဘီလေဆိပ်များတွင် ဝမ်းနည်းငိုကြွေးရင်း သတင်းကို စောင့်မျှော်နေကြသည်။ 



ယခုပျက်ကျသော လေယာဉ်သည် အောက်တိုဘာ ၂၉ ရက်က ဂျကာတာမှ ပျံတက်ပြီး မိနစ်ပိုင်းအတွင်း ဂျာဗားပင်လယ်တွင် ပျက်ကျခဲ့သော Lion လေကြောင်းလိုင်း လေယာဉ်နှင့် အမျိုးအစားတူသော ဘိုးအင်း 737 Max 8 လေယာဉ်ဖြစ်သည်။ 



အမေရိကန်အစိုးရ တာဝန်ရှိသူက အဆိုပါဖြစ်ရပ်နှစ်ခုအကြား တိုက်ရိုက်ဆက်စပ်မှု ရှိ၊ မရှိကို ကောက်ချက်ချရန် အချိန်စောလွန်းသည်ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ လေကြောင်းအာဏာပိုင်အဖွဲ့ကမူ အဆိုပါဖြစ်ရပ်နှစ်ခုကြောင့် တရုတ်လေကြောင်းလိုင်းများအား ဘိုးအင်း 737 Max 8 လေယာဉ်များ ပြေးဆွဲမှုကို ရပ်ဆိုင်းရန် ညွှန်ကြားထားသည်။ 



အောက်တိုဘာလ ဖြစ်ရပ်အပေါ် ကနဦးစုံစမ်းစစ်ဆေးမှု အစီရင်ခံစာတွင် လေကြောင်းလိုင်း၏ ပြုပြင်ထိန်းသိမ်းမှု၊ သင်တန်းပေးမှုနှင့် နည်းပညာပိုင်းဆိုင်ရာတို့အပေါ် အဓိက သုံးသပ်ထားသည်။ 



အီသီယိုးပီးယားလေယာဉ်မှာမူ နည်းပညာဆိုင်ရာ ပြဿနာမရှိခဲ့ဘဲ လေယာဉ်မှူးသည်လည်း အကောင်းဆုံး ပျံသန်းမှုမှတ်တမ်းရှိသူ ဖြစ်သည်ဟု လေကြောင်းလိုင်းဥက္ကဋ္ဌ တီဝိုးလ်ဒီက ပြောကြားသည်။ 



“လေယာဉ်ကို ၂၀၁၈ နိုဝင်ဘာ ၁၅ ရက်မှာ လက်ခံရရှိခဲ့ပါတယ်။ ပျံသန်းချိန် နာရီ ၁၂၀၀ ရှိပါပြီ။ ဒီမနက် ဂျိုဟန် နက်စဘတ်က ပျံတက်လာခဲ့တာပါ”ဟု ၎င်းက ပြောကြားသည်။ 



လေကြောင်းခရီးစဉ် ET 302 သည် အက်ဒစ်အက်ဘာဘာ၏ အရှေ့တောင်ဘက် ၃၈ မိုင်အကွာ ဘစ်ရှိုဖူမြို့အနီးတွင် ပျက်ကျခဲ့ပြီး ခရီးသည် ၁၄၉ ဦးနှင့် လေယာဉ်အဖွဲ့သား ရှစ်ဦး ပါဝင်သည်ဟု လေကြောင်းလိုင်းက ထုတ်ပြန်သည်။ 



လေယာဉ်သည် ပျံတက်ပြီးနောက် ထောင်လိုက်အမြန်နှုန်း မတည်မငြိမ် ဖြစ်ခဲ့သည်ဟု Flightradar 24 ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။ 



လေယာဉ်သည် ဘိုလီလေဆိပ်မှ ပျံတက်ပြီးနောက် အမြင့်ပေ ၁၀၀၀ အထိ ရောက်ရှိခဲ့ကြောင်းနှင့် ပူပြင်းပြီး ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသော လေဆိပ်သည် လေထုပါးလွှာနေမှုကြောင့် ပျံတက်ရာတွင် အင်ဂျင်များ ရုန်းကန်ခဲ့ရကြောင်း ဆွီဒင်အခြေစိုက် လေကြောင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။ 



ဂြိုဟ်တုလမ်းကြောင်းမှတ်စနစ်တွင် ပျောက်သွားသောနေရာအထိ နောက်ထပ် ပေ ၉၀၀ ပျံမတက်မီ အောက်သို့ ပေ ၄၅၀ ပြုတ်ကျသွားခဲ့သည်ဟု သိရှိရသည်။ 



လေယာဉ်ပျက်ကျသောနေရာတွင် အပိုင်းအစများစွာ ပြန့်ကျဲနေပြီး ဆိုးဆိုးဝါးဝါး မီးလောင်ထားသည်ဟု ရိုက်တာသတင်းထောက်က သတင်းပေးပို့ခဲ့သည်။ 



လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို လတ်တလောတွင် မသိရှိနိုင်သေးဘဲ ယခုအခါ အခင်းဖြစ်နေရာတွင် လေယာဉ်ပျက်မှ အချက်အလက်မှတ်တမ်း ကိရိယာနှင့် လေယာဉ်မှူး၏စကားများကို အသံဖမ်းထားသော ကိရိယာနှစ်ခုကို ဦးစားပေး ရှာဖွေလျက်ရှိသည်။ 

The Voice 

0 comments:

Post a Comment