နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပဲခူးမြို့လူထုတွေ့ဆုံပွဲတွင် တိုင်ကြားစာ ၂၅၀ ကျော် လက်ခံရရှိကြောင်း ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးတင်ထူးမောင်က ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲကို ပဲခူးမြို့ရှိ မြို့တော်ခန်းမတွင် ပြုလုပ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပထမဦးစွာ မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် ဒေသခံပြည်သူများ၏ စာဖြင့်မေးမြန်းထားသည့် မေးခွန်းများနှင့် အခမ်းအနားတွင် မေးမြန်းသည့် မေးခွန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ ယင်းလူထုတွေ့ဆုံပွဲတွင် ဒေသခံပြည်သူများက လယ်ယာမြေကိစ္စနှင့်ပတ်သက်၍ အများဆုံးတင်ပြကြပြီး စည်ပင်၊ ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စများလည်း တင်ပြခဲ့ကြကြောင်း သိရသည်။
လူထုတွေ့ဆုံပွဲတွင် မေးမြန်းခွင့်မရသည့် ပုဂ္ဂိုလ်များအတွက် အခမ်းအနားကျင်းပသည့် ခန်းမအပြင်ဘက်တွင် “နိုင်ငံတော် အကြီးအကဲထံသို့ ပေးပို့မည့် တင်ပြစာလက်ခံရေးဌာန” ဟူ၍ ဖွင့်လှစ်ထားကြောင်း သိရသည်။
အခမ်းအနား ရုပ်သိမ်းပြီးသည့် အချိန်အထိ အဆိုပါ တင်ပြစာလက်ခံရေးဌာနတွင် တိုင်ကြားစာ ၂၅၀ ကျော်ရှိကြောင်း သိရသည်။
“အခုအထိတော့ ၂၅၀ ကျော်သွားပြီပေါ့။ ဆက်လည်း ဝင်နေဦးမယ်ထင်တယ်။ လူတကယ်ရှင်းသွားတဲ့အထိတော့ စောင့်ပေးရမှာပါ။ ကိစ္စတွေကတော့ မြေအများဆုံး ဖြစ်မယ်လို့ ဒါကယူဆတာပါ။ ဒီမှာကတော့ များသောအားဖြင့် ကိုယ်တွေရဲ့ လုပ်ငန်းခွင်မှာလည်း Complain လာရင် မြေနဲ့ပတ်သက်တာများပါတယ်။ ကျန်တာ စည်ပင်ကိစ္စတွေပါမယ်။ သူတို့နေ့စဉ်လူနေမှုဘဝမှာ အဆင်မပြေမှုလေးတွေကို ပြောကြမှာပေါ့။ သံဃာတော်နှစ်ပါးတောင် တွေ့လိုက်တယ်။ကျောင်းမြေလျှောက်ထားတာ အမြန်ဆုံးဖြစ်စေချင်တယ်ဆိုပြီး တင်ပြတာလည်း တွေ့ပါတယ်။အချင်းချင်း ကိစ္စတွေလည်း ရှိပါတယ်။ အစုံပါပဲ။ လုပ်ငန်းရဲ့အတွေ့အကြုံအရမှန်းပြီး ပြောရရင်တော့ မြေကိစ္စများပါလိမ့်မယ်” ဟု ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထူးမောင်က ပြောကြားသည်။
တင်ပြစာ လက်ခံရေးဌာနသို့ ဒေသခံပြည်သူများက တင်ပြသည့်တိုင်ကြားစာများနှင့် ပတ်သက်၍ သေချာလေ့လာဖတ်ရှုပြီး သက်ဆိုင်ရာဌာနများမှတစ်ဆင့် အဖြေပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အခမ်းအနားပြုလုပ်စဉ် ပြောကြားခဲ့ကြောင်း သိရသည်။
Eleven Media Group






0 comments:
Post a Comment