Saturday, March 16, 2019

ပုဏ္ဏားကျွန်းမြို့နယ်မှ ရဲကင်းစခန်းအချို့ ယခုရက်ပိုင်းအတွင်း ရုပ်သိမ်းမှုများရှိနေ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲများတွင် ရဲကင်းစခန်းများကိုလည်း တိုက်ခိုက်မှုများ ရှိနေသည့်အတွက် ယခုရက်ပိုင်းအတွင်း ပုဏ္ဏားကျွန်းမြို့နယ်မှ ရဲကင်းစခန်းအချို့ရုပ်သိမ်းသွားမှုများကို တွေ့မြင်နေရကြောင်း ဒေသခံများက ပြောကြားသည်။
ယိုးတရုတ် ရဲကင်းစခန်း တိုက်ခိုက်ခံရမှုနောက်ပိုင်း မင်းပြားမြို့နယ်မှ ရဲကင်းခစန်းအချို့ ရုပ်သိမ်းသွားခဲ့ကြောင်းနှင့် ယခုရက်ပိုင်းအတွင်း သဲတော်၊ သရက်တစ်ပင်နှင့် ယိုးတရုတ် ရဲကင်းခစန်းတို့ကိုလည်း ရုပ်သိမ်းထားကာ မြို့ပေါ်စခန်းနှင့် ပေါင်းထားကြောင်း သိရသည်။

“ဘာကြောင့် ပြောင်းသွားတယ်ဆိုတာတော့ ကျွန်တော်ကလည်း မသိဘူး။ ရွာသားတွေကို ပြောတာလည်း မရှိပါဘူး။ မနေ့က နေ့လယ် ဆယ့်နှစ်နာရီလောက်ကလည်း စက်လှေနဲ့ ပုဏ္ဏားကျွန်းကို ပြောင်းသွားတာတော့ တွေ့လိုက်တယ်။ တခြားကိစ္စတွေကိုတော့ ကျွန်တော်တို့ မသိဘူး” ဟု သဲတက်ကျေးရွာသားတစ်ဦးက ပြောကြားခဲ့သည်။

ထို့အပြင် သရက်တစ်ပင် ရဲကင်းစခန်းကိုလည်း ယာယီရွှေ့ပြောင်းထားကြောင်းနှင့် လုံးဝမနေဘဲ လွှတ်ထားခြင်း မဟုတ်ကြောင်း၊ လုံခြုံရေးအရ လုပ်ဆောင်ထားခြင်းသာ ဖြစ်ကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး သရက်တစ်ပင် ရဲကင်းခစန်းမှူး ရဲအုပ်မင်းသိန်းစောက “ကျွန်တော်တို့ စခန်းကိုတော့ ယာယီပြောင်းထားတယ်လို့ ဆိုရမယ်။ လုံခြုံရေးအရပေါ့၊ လုံးဝမနေဘဲ လွှတ်ထားခဲ့တာမျိုးတော့ မဟုတ်ဘူး၊ နေ့ဘက်ဆိုရင် သွားလာပြီးနေတာမျိုးတော့ လုပ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

ယိုးတရုတ် ရဲကင်းစခန်းအား မတ် ၉ ရက်က တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်သားကိုးဦး ကျဆုံးကာ တစ်ဦးပျောက်ဆုံးနေခဲ့ကြောင်းနှင့် စခန်းမှူးအပါအဝင်နှစ်ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကြောင့် ရဲကင်းစခန်းများအား ယာယီရုပ်သိမ်းထားကာ မြို့ပေါ်စခန်းများနှင့် ပေါင်းထားခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်ကြသည်။

ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖြစ်စဉ်မှာ ယိုးတရုတ်ကျေးရွာရှိ ရဲအုပ်စောသိန်းထွန်း ဦးစီးအခြေပြု၍ နယ်မြေလူထုအတွက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များ ဆောင်ရွက်ပေးနေသည့် ယိုးတရုတ် ရဲကင်းစခန်းအား မတ် ၉ ရက် ည ၁၁ နာရီ မိနစ် ၂၀ ခန့်မှ မိနစ် ၅၀ ခန့်အထိ AA လက်နက်ကိုင်အဖွဲ့ အင်အား ၆၀ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ရဲကင်းစခန်းသည် ယိုးတရုတ်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာစစ်ဌာန၏ မေးခွန်းလွှာနှင့် အဖြေလွှာများအား ထိန်းသိမ်းသည့် လုပ်ငန်းတာဝန် ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားသည့် တပ်ဖွဲ့ဝင်များမှာ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ယိုးတရုတ်ကျေးရွာဇာတိ ဒေသခံ ရခိုင်တိုင်းရင်းသားများဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment