NCA တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား အစိုးရမှ ဖိတ်ကြားထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ `၀`ဦးဆောင်သည့် မြောက်ပိုင်း ၇ဖွဲ့ တက်ရောက်ရန် ရှိသည်ဟု `၀`အဖွဲ့၏ လားရှိုးမြို့ ဆက်ဆံရေး တာဝန်ခံ ဦးညီရမ်း The Ladies News သို့ပြောကြားသည်။
အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ မြောက်ပိုင်း အဖွဲ့များဖြစ်သည့် `၀`ပြည်သွေးစည်း ညီညွှတ်ရေး ပါတီ (UWSA)၊ ကချင်ပြည်လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံး ညီညွတ်ရေးကော်မတီ (PSC) မိုင်းလားအဖွဲ့၊ ရှမ်းပြည်း တိုးတက်ရေးပါတီ (SSPP)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရား မျှတသော အမျိုးသားပါတီ (MNTJP) ကိုးကန့်အဖွဲ့၊ ပလောင် ပြည်နယ်လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရခိုင်လက်နက်အဖွဲ့ AA နှင့် ကရင်နီမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့အား မတ်လ ၂၁ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးသို့ ဖိတ်ကြားခဲ့သည်။
အဆိုပါ ဖိတ်ကြားချက်နှင့် ပတ်သက်ပြီး ဦးညီရမ်းက `ကျွန်တော်တို့ `၀` အဖွဲ့အနေနဲ့ တက်ဖို့တော့ ပြင်ဆင်နေပါတယ်။ ငြိမ်းချမ်းရေး ပွဲတော် နှစ် (၃၀) နီးနေလို့ ဗဟိုဌာချုပ်က ခေါင်းဆောင်ကြီး ပိုင်းတွေက တက်ရောက်နိုင်မယ့် အခြေအနေမှာ မရှိပါဘူး` ဟု ၄င်းက ပြောကြားသည်။
`၀`ဦဆောင်သည့် မြောက်ပိုင်း ၇ဖွဲ့ပူးပေါင်းကာ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကို နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ကိစ္စများ ဆွေးနွေးနိုင်ရန် ဖွဲ့စည်းထားသည်။
အစိုးရမှ ဖိတ်ကြားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မြောက်ပိုင်း ၇ ဖွဲ့စလုံးတက်ရောက်ရန် ရာနှုန်းများပြီး အစိုးရက တစ်ဖွဲချင်း ဖိတ်ကြားထားသော်လည်း မြောက်ပိုင်း ၇ဖွဲ့အနေဖြင့် FPNCC မူအတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ဦးညီရမ်းက ပြောကြားသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ဖွဲ့လျှင် ခေါင်းဆောင် ၁ဦး၊ အဖွဲ့ဝင် ၁ ဦး တက်ရောက်ပေးနိုင်ရန် NRPC ၏ ဖိတ်ကြားစာထဲတွင် ဖေါ်ပြထားသည်။
ထို့အပြင် NRPC ၏ ဖိတ်ကြားစာထဲ၌ NRPC နှင့် တွေ့ဆုံပြီးနောက် ၂၂.၃.၂၀၁၉ ရက်နေ့တွင် တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့သည် ၂၁.၂.၂၀၁၉ ရက်စွဲပါ တပ်မတော်၏ ထုတ်ပြန်ချက်အတိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တစ်ဖွဲ့ချင်းအလိုက် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်၍ ဆွေးနွေးလိုသည့် အဖွဲ့အစည်းများ ကြိုတင်ပြန်ကြား ပေးရန်ဖြစ်သည် ဟုလည်း ဖေါ်ပြထားသည်။
အောင်ရဲနောင်
The Ladies News







0 comments:
Post a Comment