အခုနှစ်မန္တလေးသင်္ကြန်ပွဲတော်မှာ ရပ်ကွက်ယိမ်းပြိုင်ပွဲတွေ ပြန်လည်ဖော်ထုတ်ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကကြေညာချက်ထုတ်ပြန်ထားပါတယ်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ရက် ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့)ကနေ ဧပြီ ၁၅ ရက်(အကြတ်နေ့)အထိ ၃ ရက်တိုင်အောင်ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မန္တလေး မဟာအောင်မြေမြို့နယ် မနော်ရမ္မံဟစ်တိုင်ကွင်းအတွင်းကျင်းပပြုလုပ် မယ့် ပြည်ထောင်စုသင်္ကြန်မဏ္ဍပ်မှာ ထည့်သွင်းကျင်းပပြုလုပ်သွားမှာပါ။
"ကိုယ့်ရဲ့ယိမ်းအဖွဲ့အလိုက် ကိုယ်ပိုင်သီချင်းတွေနဲ့ပြိုင်ရမယ် ဒါမှမဟုတ် လူသိများတဲ့သင်္ကြန်သီချင်းတွေနဲ့ပြိုင်ရမယ်၊ ပြိုင်တဲ့အခါမှာ တင်ပြထားတဲ့သီချင်းစာသားအတိုင်းသီဆိုပြိုင်ရမယ်၊ သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေနဲ့ အချိန်မီ ပြည့်စုံစွာတင်သွင်းတဲ့အဖွဲ့တွေကိုပဲ ပြိုင်ခွင့်ပြုသွားမှာပါ" လို့ ရပ်ကွက်ယိမ်းပြိုင်ပွဲကျင်းပရေးကော်မတီဝင်တာဝန်ရှိသူကပြောပါတယ်။
ပါဝင်ယှဉ်ပြိုင်ကြမယ့်ယိမ်းအဖွဲ့တွေဟာ သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာရမှာဖြစ်ပြီး လျှောက်လွှာပုံစံတွေကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန၊ အကဲဖြတ်ဒိုင်အဖွဲ့က အခမဲ့ထုတ်ပေးသွားမှာလို့သိရပါတယ်။
"ဆုချီးမြှင့်မှာပါ၊ ဆုရယိမ်းအဖွဲ့တွေအနေနဲ့က အတက်နေ့ညပိုင်းမှာ မြို့တော်မဏ္ဍပ်မှာ ၀တ်စုံပြည့်နဲ့တက်ယူရမှာပါ၊ ပရိသတ်တွေကို အဲဒီမှာထပ်ဖျော်ဖြေပေးရမှာပါ" လို့လည်း ၄င်းကပြောပါတယ်။
ယိမ်းအဖွဲ့တွေဟာ ရပ်ကွက်တစ်ရပ်ကွက်ကို ကိုယ်စားပြုပြီး မည်သည့်နေရာဒေသကမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ ရပ်ကွက်ယိမ်းများပြန်လည်ဖော်ထုတ်ဖို့ရည်ရွယ်တာဖြစ်တာကြောင့် ဌာန/ကျောင်းများ ကိုယ်စားပြုယှဉ်ပြိုင်ခွင့်မပြု ကြောင်း၊ ပြိုင်ပွဲဝင်ပုံစံတွေကို မတ်လ ၂၅ ရက်နေ့ကစပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန၊ အကဲဖြတ်ဒိုင်အဖွဲ့ အတွင်းရေးမှူးဆီမှာ အခမဲ့ထုတ်ယူနိုင်ကြောင်း၊ ဧပြီလ ၄ ရက်နေ့ နောက်ဆုံးထားပြီး ကပြမယ့်သီချင်းစာသားပူးတွဲလျက် ပြန်လည်တင်သွင်းရမှာဖြစ်ကြောင်း၊ သတ်မှတ်ထားတဲ့ပုံစံနဲ့အချိန်မီပြည်စုံစွာတင်သွင်းတဲ့ယိမ်းအဖွဲ့တွေကိုသာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမှာဖြစ်ကြောင်း၊ ကိုယ်ပိုင်သီချင်း(သို့)လူသိများတဲ့ သင်္ကြန်သီချင်းတွေနဲ့ယှဉ်ပြိုင်နိုင်ကြောင်း၊ ယှဉ်ပြိုင်ရာမှာ တင်ပြထားတဲ့သီချင်းစာသားအတိုင်းသာသီဆိုယှဉ်ပြိုင်ရမှာဖြစ်ပြီး တေးသီချင်းအတွင်း သံချပ်ထိုးခြင်း တဘောင်တိုင်ခြင်းမပြုလုပ်ရကြောင်း၊ ယှဉ်ပြိုင်ချိန်ဟာ ၅ မိနစ်အောက်မ နည်း ၁၀ မိနစ်ထက်မပိုရကြောင်း၊ စီဒီ (သို့) တေးဂီတဆိုင်းအဖွဲ့ နှစ်သက်ရာနဲ့ယှဉ်ပြိုင်နိုင်ကြောင်း၊ အကဲဖြတ်ဒိုင်အဖွဲ့ရဲ့ဆုံးဖြတ်ချက်ကသာအတည်ဖြစ်ပြီး ဘယ်လိုမကျေနပ်ချက် ကန့်ကွက်ချက် တင်ပြချက်ကိုမှ လက်ခံမှာမဟုတ် ကြောင်း ကျင်းပရေးကော်မတီကသတင်းထုတ်ပြန်ထားပါတယ်။
ဆုတွေကို ပထမဆုအတွက် ၁၅ သိန်းကျပ်၊ ဒုတိယဆုအတွက် ၁၂ သိန်းကျပ်၊ တတိယဆုအတွက် ၁၀ သိန်းကျပ်၊ အထူးဆု ၇ ဆုအတွက် ၅ သိန်းကျပ်စီသတ်မှတ်ချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
စောထွေး
Popular News Journal
0 comments:
Post a Comment