Sunday, March 10, 2019

တနင်္သာရီဝန်ကြီးချုပ်နှင့် အခြား ၃ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်


တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်သည်။ 
မတ်လ ၁၀ ရက် ရက်စွဲဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အချက် ၃ ချက်ပါ တွေ့ရှိချက်ဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ 

တိုင်ကြားခံရသော ထားဝယ်လေယာဉ်ကွင်း ခြုံရှင်းကိစ္စရပ်လည်း ပါဝင်နေကြောင်း တွေ့ရသည်။ 

"ကျွန်တော်လည်း အဂတိက ထုတ်ပြန်ထားတာ အခုပဲတွေ့တယ်။လှမ်းမေးထားပါတယ်။ အစိုးရအဖွဲ့ထဲက ဝန်ကြီးချုပ်တစ်ဦးပဲ ပါပါတယ်" ဟု တနင်္သာရီ မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောသည်။ 

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အပေါ် အဂတိလိုက်စားမှုများ ကျူးလွန်ကြောင်း တိုင်ကြားစာများနှင့်စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ 

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့များတွင် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်များအရ" (က) ၂၀၁၆ ခုနှစ် ဧပြီလတွင် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ထားဝယ်တက္ကသိုလ်ဝင်းအတွင်း ချုံနွယ် ရှင်းလင်းခြင်းလုပ်ငန်း၊ ထားဝယ်လေယာဉ်ကွင်း အပြင်ဘက် ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်းများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ F-22 Sunny Construction Co.,Ltd. သို့ တာဝန်ပေး ဆောင်ရွက်စေခဲ့ပြီး မကြာမီ ၁၅-၁၂-၂၀၁၆ ရက်နေ့တွင် တင်ဒါခေါ်ယူခြင်း၊ အစိုးရအဖွဲ့ အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခြင်းတို့မရှိဘဲ ထားဝယ်လေယာဉ်ကွင်းအတွင်း ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်းတစ်ခုတည်းကို ခွင့်ပြုငွေ ကျပ်သိန်း ၄၀၀၀ ဖြင့် ဝန်ကြီးချုပ်၏ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ F-22 Sunny Construction Co.,Ltd. သို့ တိုက်ရိုက်ခွင့်ပြုဆောင်ရွက်စေခြင်းသည် တံစိုးလက်ဆောင်ကို အဖွဲ့အစည်းအတွက် ရယူခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးများ၏ ဒေသန္တရပေါက်ဈေးများနှင့် နှိုင်းယှဉ် တွက်ချက်မှုအရ နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရကြောင်း" ဖော်ပြထားသည်။ 

ထပ်မံပြီး " ( ခ) ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်သည် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း မရှိဘဲ လမ်းဦးစီးဌာနသို့ တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁.၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေး ပေးအပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလခန့်တွင် တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးအား သူမ၏ ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟို အမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ်သဇင် လမ်းထောင့်ရှိ အိမ်အမှတ် (၁၀၆၈) နှင့် (၁၀၇၀) မြေကွက် နှစ်ကွက်ကို အုတ်ခြံစည်းရိုး ကာရံပေးရန် စေခိုင်းခဲ့ရာ ငွေကျပ်သိန်း (၁၄၀) ကျော် ကုန်ကျခဲ့ပြီး သူမအား စုံစမ်းစစ်ဆေးသည့်အခါမှ ယင်းငွေကို ပြန်လည်ပေးချေကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ထိုက်သင့်သည့်တန်ဖိုး ပေးချေခြင်းမရှိဘဲ အုတ်ခြံစည်းရိုး ကာရံပေးစေခြင်းဖြင့် တံစိုးလက်ဆောင်အဖြစ် ရယူခဲ့ကြောင်း" ဖော်ပြထားသည်။ 

ဆက်လက်ပြီး (ဂ) တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်သည် ၎င်း၏ မိသားစု ပိုင်သည့် သရက်ချောင်းမြို့နယ်၊ မြို့မရပ်၊ မြိတ်-ထားဝယ် ကားလမ်း၊ အိမ်အမှတ် (၆)ရှိ နှစ်ထပ်နေအိမ်နှင့် ဝိုင်းမြေကို ကာလတန်ဖိုး ကျပ် (၃၂၀)သိန်းကျော် ခန့်သာ တန်ဖိုးရှိသော်လည်း ကျပ်သိန်း(၂၀၀၀)ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ကြောင်း၊ GGS ကုမ္ပဏီအား သရက်ချောင်း ငါးလေလံဈေးတည်ဆောက်ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ထားဝယ်မြို့ ခြင်းလုံးရုံ တည်ဆောက်ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ ထားဝယ်နှင့် မြိတ်တွင် ခြောက်ခန်းတွဲ လေးထပ် တန်ဖိုးနည်း အငှားအိမ်ရာ(၄)လုံး တည်ဆောက်ခြင်း၊ နေပြည်တော်တွင် တနင်္သာရီတိုင်း ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ် ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့ကြောင်း၊ နေအိမ်ကို ဝယ်ယူသူ ဦးသူရအုံသည် GGS ကုမ္ပဏီနှင့် အကျိုးစီးပွား ဆက်စပ်ဆောင်ရွက်သူ ဖြစ်ပြီး ကုမ္ပဏီအထွေထွေမန်နေဂျာဖြစ်ကြောင်း၊ GGS ကုမ္ပဏီမှ တာဝန်ရှိသူများဖြစ်သော ဦးသိန်းထွေး၊ ဦးအောင်မြတ်နှင့် ဦးသူရအုံ တို့သည် အိမ်နှင့်မြေကို ကာလ တန်ဖိုးထက် (၆)ဆခန့် ပိုသည့်တန်ဖိုးဖြင့် ဈေးပိုပေး၍ ဝယ်ယူခဲ့ပြီး အကျိုးအမြတ် ရရှိမည့် လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိခဲ့ကြကြောင်း၊(ဃ) တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓါတ်အား ထုတ်လုပ် ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၆-၁၂-၂၀၁၆ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး လုပ်ကိုင်ခွင့်ပြုသူ နေရာတွင် တိုင်းအစိုးရအဖွဲ့ ကိုယ်စား အတွင်းရေးမှူးနှင့်၊ လုပ်ကိုင်ခွင့်ရသူ နေရာတွင် GGS ကုမ္ပဏီကိုယ်စား ဦးသိန်းထွေးတို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း အကောင်အထည်ဖော်ရေး ကြီးကြပ်ရန် ပျက်ကွက်သဖြင့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ရာရောက်ကြောင်း၊ ၁-၇-၂၀၁၇ ရက်နေ့မှစ၍ စစ်ဆေးသည့်အချိန်အထိ သဘာဝဓါတ်ငွေ့ဖိုး ကျပ်သန်း (၈၀၀၀) ကျော်ကို ပေးချေရန် တာဝန်ရှိသည့် GGS ကုမ္ပဏီဘက်မှ ပေးချေရန် ပျက်ကွက်နေကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ထုတ်ကျခံခဲ့ရသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ ထိခိုက်နစ်နာဆုံးရှုံးမှုရှိကြောင်း ပေါ်ပေါက်မှုအပေါ် အဆိုပါလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီမှ ဦးသိန်းထွေးနှင့် ဦးအောင်မြတ်တို့သည် အဂတိလိုက်စားမှုဖြင့် ငြိစွန်းကြောင်း တွေ့ရှိရပါသည်။" ဟု ဖော်ပြထားသည်။ 

ထို့ကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအရ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း သီးခြား ပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု(၄)မှုခွဲ၍ အရေးယူဆောင်ရွက်ရန် ထားဝယ်မြို့၊ မြို့မရဲစခန်း၌ မတ်လ ၁၀ ရက်နေ့တွင် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ 

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် နှင့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုးကို မြိတ်ခရိုင်ဒေသခံများက NLD ပါတီဗဟိုသို့ ဖေဖော်ဝါရီလ ၁ ရက်က တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း ဆွေမျိုးတော်စပ်သူအား ကိုယ်ရေးအရာရှိခန့်မှုအပါအဝင် တိုင်ကြားမှု များအား ထားဝယ်ဒေသခံများက အမျိုးသားဒီမိုကရေစီပါတီ ဌာနချုပ်သို့ တိုင်ကြားထားခဲ့ကြသည်။

Mizzima - News in Burmese

0 comments:

Post a Comment