Thursday, March 14, 2019

နေတိုးအဖွဲ့ဝင် ခုနစ်နိုင်ငံ ၂၀၁၈ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်သတ်မှတ်ချက် ပြည့်မီခဲ့


နေတိုးအဖွဲ့ဝင် ၂၉ နိုင်ငံအနက် ခုနစ်နိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် အဖွဲ့က သတ်မှတ်ထားသည့် ကာကွယ်ရေးအသုံးစရိတ် သတ်မှတ်ချက်ကို ပြည့်မီခဲ့ကြောင်း မတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များက ဖော်ပြခဲ့သည်။ သို့သော် ထိုတိုးတက်မှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကျေနပ်နိုင်မည် မဟုတ်သေးပေ။ 
ဥရောပမဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ ကာကွယ်ရေးအတွက် အသုံးစရိတ်ကို လုံလောက်စွာသုံးစွဲခဲ့ခြင်းမရှိကြောင်း ထရန့်က အကြိမ်ကြိမ်အပြစ်တင်ခဲ့ပြီး ၎င်းတို့သည် အမေရိကန်စစ်ဘက်အင်အားကို အလွန်အကျွံမှီခိုနေကြောင်းလည်း စွပ်စွဲခဲ့သည်။ 

အမေရိကန်အပြင် ဗြိတိန်၊ အက်စ်တိုး နီးယား၊ ဂရိ၊ လတ်ဗီးယား၊ လစ်သူယေးနီးယားနှင့် ပိုလန်တို့သည် ၂၀၁၈ ခုနှစ်တွင် နိုင်ငံ၏ ဂျီဒီပီ နှစ်ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲရမည့် သတ်မှတ်ချက်ကို ပြည့်မီခဲ့ကြောင်း သိရသည်။ 

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ထိုနှစ်ရာခိုင်နှုန်း သတ်မှတ်ချက်ကို ၂၀၂၄ ခုနှစ် မတိုင်မီပြည့်မီရန် ကြိုးပမ်းသွားမည်ဟုသာ ကတိပြုထားသော်လည်း နိုင်ငံအများအပြားက ထိုသတ်မှတ်ချက်ကို ပြည့်မီခြင်းမရှိမှုက ထရန့်ကို ပိုမိုဒေါသထွက်စေမည်ဖြစ်သည်။ ဥရောပမဟာမိတ်နိုင်ငံများသည် ကာကွယ်ရေးအသုံးစရိတ်အား ချက်ချင်းမတိုးမြှင့်ပါက နေတိုးအဖွဲ့မှ နုတ်ထွက်သွားမည်ဟု ထရန့်က ခြိမ်းခြောက်ခဲ့သည်။ 

ဥရောပ၏ စီးပွားရေးအင်အားကြီး ဂျာမနီသည် အထူးတလည် ဝေဖန်ခံနေရပြီး ၂၀၁၈ ခုနှစ်တွင်လည်း ကာကွယ်ရေးအသုံး စရိတ်သတ်မှတ်ချက်ကို ပြည့်မီခဲ့ခြင်းမရှိပေ။ ဂျာမနီသည် ကာကွယ်ရေးအသုံးစရိတ်ကို ဒေါ်လာ ၄၅ ဘီလျံမှ ဘီလျံ ၅၀ အထိ တိုးမြှင့် ခဲ့သော်လည်း နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းနှင့် တွက်ချက်ပါက ထိုအသုံးစရိတ်သည် နိုင်ငံဂျီဒီပီ၏ ၁.၂၃ ရာခိုင်နှုန်း၌သာ ရှိနေသည်။ 

ထရန့်က ကာကွယ်ရေးအသုံးစရိတ်အတွက် အကြိမ်ကြိမ် ဝေဖန်နေခြင်းကြောင့် မဟာမိတ်နိုင်ငံများသည် ပိုမိုတိုးမြှင့်လာနေကြောင်း နေတိုးအတွင်းရေးမှူးချုပ် ယန်းစတော်တင်ဘတ်က ပြီးခဲ့သော ဇန်နဝါရီတွင် ပြောကြားခဲ့သည်။ နေတိုးအဖွဲ့၏ ခြုံငုံကာကွယ်ရေးအသုံးစရိတ်သည် မြင့်တက်လာနေပြီး ၂၀၁၆ ခုနှစ်၌ သမ္မတအဖြစ် ထရန့် ရွေးချယ်ခံရပြီးနောက်ပိုင်း ၂၀၂၀ ပြည့်နှစ်ကုန် မတိုင်မီ မဟာမိတ်နိုင်ငံများ၏ ကာကွယ်ရေး အသုံးစရိတ် စုစုပေါင်း ဒေါ်လာဘီလျံ ၁၀၀ အထိရှိလာမည်ဖြစ်ကြောင်း စတော်တင်ဘတ်က ပြောကြားခဲ့သည်။ 

သို့သော် အမေရိကန်၏ ကာကွယ်ရေး အသုံးစရိတ်သည် ကျန်အဖွဲ့ဝင်နိုင်ငံအားလုံး၏ အသုံးစရိတ်ထက် အလွန်အမင်းသာလွန်နေသည်။ ၂၀၁၈ ခုနှစ်တွင် အမေရိကန်၏ ကာကွယ်ရေးအသုံးစရိတ်သည် ဒေါ်လာ ဘီလျံ ၇၀၀ နီးပါး ရှိခဲ့ချိန်တွင် ဥရောပနေတိုး အဖွဲ့ဝင်အားလုံး၏ ကာကွယ်ရေးအသုံးစရိတ်စုစုပေါင်းသည် ဒေါ်လာဘီလျံ ၂၈၀ ခန့်သာ ရှိနေသည်။ 

နေတိုး၏ ဥရောပအဖွဲ့ဝင် ၂၇ နိုင်ငံ သည် ၂၀၁၈ ခုနှစ်တွင် နိုင်ငံဂျီဒီပီ၏ နှစ်ရာခိုင်နှုန်း သတ်မှတ်ချက်ဖြစ်သည့် ကာ ကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၁၀၂ ဘီလျံ ကို ပြည့်မီခဲ့ခြင်းမရှိကြောင်း သုတေသန စင်တာ International Institute for Strategic Studies (IISS) က ပြီးခဲ့သောလတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။ 

Ref ; AFP 
Eleven Media Group

0 comments:

Post a Comment