Wednesday, March 6, 2019

မြောက်ကိုရီးယား၏ အဓိက ဂြိုဟ်တုလွှတ်တင်ရေးစခန်း၌ လှုပ်ရှားမှုများ ပြန်လည်တွေ့ရှိ



ဂြိုဟ်တုမှ ရိုက်ကူးသောဓာတ်ပုံများတွင် မြောက်ကိုရီးယား၏ တာဝေးပစ်ဒုံး ကျည်ပစ်လွှတ်ရေးနေရာ၌ လှုပ်ရှားမှုများ တွေ့နေရသဖြင့် မြောက်ကိုရီးယားသည် ဟနွိုင်းထိပ်သီး မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ထို ဒုံးစမ်းသပ်ရေးစခန်းကို အလျင်အမြန် ပြန်လည် တည်ဆောက်နေဖွယ်ရှိသည်ဟု သုံးသပ်ချက်များ ထွက်ပေါ်နေခဲ့သည်။ 
မြောက်ကိုရီးယားနျူကလီးယား လက်နက်ကိစ္စအတွက် သဘောတူညီချက်မရဘဲ ပြီးဆုံးခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့သည် ပြီးခဲ့သည့်သီတင်းပတ်က ဆွေးနွေးပွဲကို ရုတ်ချည်းရပ်ဆိုင်းလိုက်ကြသည်။ 

ဒုံးကျည်ပစ်လွှတ်သည့်နေရာမှ လှုပ်ရှားမှုများကို ထိပ်သီးဆွေးနွေးပွဲပြီးနောက် နှစ်ရက်အကြာတွင် စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်သည် မြောက်ကိုရီးယားတို့က ပိတ်ဆို့မှုဖယ်ရှားပေးရန် ၎င်းတို့၏ တောင်းဆိုချက်ကို အမေရိကန်က ငြင်းပယ်လိုက်သဖြင့် ဆန္ဒဖော်ထုတ်ခြင်းဖြစ်နိုင်သည် ဟု ၀ါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) မှ သုသေသီများက ပြောခဲ့ကြသည်။ “၂၀၁၈ သြဂုတ်လကတည်းက ဒီနေရာမှာလှုပ်ရှားမှုတွေ မရှိတော့တာပါ။ အခုလက်ရှိပြန်လှုပ်ရှားမှုဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တယ်လို့ ညွှန်ပြနေပါတယ်” ဟု သုတေသီတို့ က ဆိုသည်။ 

ပြုံယမ်းတွင် ပြုလုပ်ခဲ့သော တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် ထိပ်သီးဆွေးနွေးပွဲ တစ်ခုတွင် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆိုဟယ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ရေးစခန်းကို ပိတ်ရန် ကင်က သဘောတူခဲ့သည်။ 

ဆိုဟယ်စခန်းကို ယခင်က ဂြိုဟ်တုများ လွှတ်တင်ရာတွင် အသုံးပြုကြခြင်းဖြစ်သည်။ ယင်းဂြိုဟ်တုလွှတ်တင်မှုများသည် ကုလသမဂ္ဂက ပိတ်ပင်ထားသော တိုက်ချင်း ပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုအား ဖုံးကွယ်ရန် အယောင်ဆောင်လုပ်ရပ်ဟု နိုင်ငံတကာက ရှုမြင်ကြသည်။ 

■ အမေရိကန်ထံမှ ထပ်တိုးပိတ်ဆို့မှုများ 

“ နျူကလီးယားလက်နက်စီမံကိန်း၊ ဆက်စပ်နေတဲ့အရာတွေကို မြောက်ကိုရီးယားတွေဘက်က လက်မလွှတ်လိုဘူးဆိုရင် လက်ရှိချမှတ်ထားတဲ့ ပြင်းထန်တဲ့စီးပွားရေး ပိတ်ဆို့မှုကနေ လွတ်မြောက်မှာမဟုတ်တဲ့အကြောင်း သမ္မတထရန့်က ရှင်းရှင်းလင်း လင်းပြောထားပါတယ်။ အမှန်ဆိုရင် ကျွန်တော်တို့ဘက်က အဲဒီပိတ်ဆို့မှုတွေကို ထပ်တိုးဖို့တောင် စဉ်းစားနေကြတာပါ” ဟု ထရန့်၏ သဘောထားတင်းမာသော အမျိုးသား လုံခြုံရေးအကြံပေး ဂျွန်ဘိုတန်က မတ် ၅ ရက်တွင် Fox Business Network သို့ ပြော ကြားခဲ့သည်။ 

အခြားသော အမေရိကန်လွှတ်တော် အမတ်နှစ်ဦးကလည်း မြောက်ကိုရီးယား အစိုးရနှင့် စီးပွားရေးလုပ်သည့်မည်သည့်ဘဏ်ကိုမဆို ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ဥပဒေကြမ်းတစ်ခုကို ပြန်လည်တင်သွင်းခြင်းဖြင့် မြောက်ကိုရီးယားအပေါ် ဖိအားများ ထပ်မံပေးရန် စီစဉ်နေကြသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကမူ လာမည့်သီတင်းပတ်များအတွင်း မြောက်ကိုရီးယားသို့ ကိုယ်စားလှယ်တစ်ဖွဲ့စေလွှတ်ရန် မျှော်လင့်ကြောင်း မတ် ၄ ရက်ကဆိုသည်။ သို့သော် ဘိုတန်၏မှတ်ချက်နှင့် ဆိုဟယ်စခန်းတွင်လှုပ်ရှားမှုများ ပြန်စနေခြင်းက မအောင်မြင်ခဲ့သော ထိပ်သီးအပြီး စေ့စပ်မှုများပြန်စရန် မျှော်လင့်နေသော သံတမန်များအတွက် စိန်ခေါ်မှုအသစ် ဖြစ်နေသည်။ 


Eleven Media Group




0 comments:

Post a Comment