ပြီးခဲ့သော သောကြာနေ့က နယူးဇီလန် အမြွှာဘုရားကျောင်း အကြမ်းဖက်တိုက်ခိုက်မှု တရားခံမှာ တစ်ကိုယ်တော် သေနတ်သမားတစ်ဦးတည်းသာ ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း နယူးဇီလန်ရဌဲာနက ပြောဆိုခဲ့သည်။
အသက် ၂၈ နှစ်အရွယ် သြစတေးလျလူမျိုး ဘရန်တန်တားရန့်သည် သူ့ကိုယ်သူ လူစွမ်းကောင်း ပုံစံမျိုးဖြင့် မွတ်ဆလင်များ ဘုရားရှိခိုးနေစဉ် အကြမ်းဖက် တိုက်ခိုက်ကာ ဖေ့စ်ဘုခ်ပေါ်သို့ Live လွှင့်ခဲ့သည်။ တခြားသံသယဖြင့် ဖမ်းဆီးခံထားရသူ သုံးဦးမှာ အဆိုပါတိုက်ခိုက်မှုတွင် ပါဝင်ပက်သက်လိမ့်မည်မဟုတ်ဟု ယုံကြည်ကြောင်း နယူးဇီလန် ရဲဌာနအကြီးအကဲ မိုက်ဘုခ်ျက ပြောသည်။ လူမှုကွန်ရက်စာမျက်ပေါ်မှာ တရားခံရိုက်တင်ခဲ့သော ဗွီဒီဖိုင်သည် ၂၄ နာရီအတွင်း တစ်သန်းခွဲခန့် ပျံနှံ့ခဲ့သော်လည်း လက်ရှိအချိန်တွင် အားလုံးကို ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ အကြမ်းဖက်တိုက်မှု ၀တ်ပြုဆုတောင်းသူ ၄၉ ဦးသေဆုံးခဲ့ပြီး ၂၀ ခန့်မှာ ဒဏ်ရာအပြင်းအထန်ရခဲ့ကြသည်။ ဆေးရုံတွင် ဆေးကုသမှုခံယူနေသော လေးနှစ်အရွယ် ကလေးငယ်တစ်ဦးမှာ အသက်အန္တရယ် စိုးရိမ်ရဆဲ အခြေအနေမှာ ရှိနေသည်ဟု ဆိုသည်။
နယူဇီလန်ဝန်ကြီးချုပ် ယာဆင်ဒါ အာဒင်က ယင်းအကြမ်းဖက်တိုက်ခိုက်မှုသည် နယူးဇီလန်သမိုင်းတစ်လျှောက် အကြီးမားဆုံး အကြမ်းဖက်မှုဖြစ်ပြီး နယူးဇီလန် လက်နက်ဥပဒေကို တနင်္လာနေ့(ယနေ့) ကက်ဘိနက် အစည်းအဝေးတွင် ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်သည်များကို ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့ (မနေ့) က သတင်းထောက်များကို ပြောခဲ့သည်။
သူမက “ မယုံနိုင်စရာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တယ်။ ဒီကိစ္စကို မနက်ဖြန် ကက်ဘိနက်မှာ ဆွေးနွေးမယ်။ လက်နက်နဲ့ပက်သက်တဲ့ မူဝါဒတွေကိုလည်း ပြန်လည်ဆန်း စစ်မယ်။ ပြန်လည်ပြုပြင်သွားမယ်” ဆက်လက်ပြောခဲ့သည်။ အဆိုပါတိုက်ခိုက်မှု မဖြစ်မီ ကိုးမိနစ်အလိုတွင် သံသယဖြစ်ဖွယ် အချက်အလက်တစ်ချို့ရခဲ့ကြောင်း။ နေရာကဲ့သို့သေသာ အရေးကြီးသော အချက်အလက်များ ဘာတစ်မှတော့ တိတိကျကျမပါကြောင်း။ ယင်းအချက်အလက်များကို နှစ်မိနစ်အတွင်း လုံခြုံရေးဌာနသို့ ပေးပို့ခဲ့ကြောင်း သူမက ပြောသည်။
ထို့အပြင် တားရန့်တွင် လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်ရှိပြီး လက်နက် ၅ လက်အထိ ပိုင်ဆိုင်ထားသည် ဟုလည်း ပြောခဲ့သည်။ အကြမ်းဖက်တိုက်ခံရသော ကိစ္စနှင့်ပက်သက်၍ အင်မတန်ကြေကွဲ ၀မ်းနည်းစရာ အဖြစ်အပျက်ဖြစ်ကြောင်း။ ဒဏ်ရာရသူများနှင့် ဒုက္ခသည်များကို အမြန်ဆုံးနှင့်အကောင်းဆုံး ကူညီဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း ရဲဌာန အကြီးအကဲ မိုက်ဘုခ်ျက တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။ အဆိုပါ အယ်နိုးနှင့် လင်းဝုဒ် မွတ်ဆလင်ဘုရားကျောင်း နှစ်ခုကိုတိုက်ခိုက်မှုတွင် သေဆုံးခဲ့သူများ၏ အလောင်းကို လာမည့် ဗုဒ္ဓဟူးနေ့တွင် မိသားစုများထံ ပြန်လည်ပို့ဆောင်ပေးမည်ဟု ၎င်းက ပြောခဲ့သည်။ တရားခံတားရန့်ကို ဆောက်အိုင်လန်တရားရုံးတွင် ဧပြီ ၅ ရက်နေ့၌ ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်သည်။
Tomorrow News Journal











0 comments:
Post a Comment