Monday, March 18, 2019

ဘဝါကျေးရွာတွင်ဖြစ်ပွားနေသည့် ဆင်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ပြီဟုဆို

ဆင်တုပ်ကွေး ရောဂါလက္ခဏာများ အစုလိုက် အပြုံလိုက်ဖြစ်ပွားခဲ့သည့် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ဘဝါကမ်းခြေကျေးရွာတွင် ရောဂါထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရှိ ပိုးမွှားများမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေး အဖွဲ့ (ရပကန) ထံမှ သိရသည်။ 
ဘဝါကမ်းခြေကျေးရွာတွင် နေထိုင်သူ ၈၃ ဦးမှာ ဖျားနာခြင်း၊ အဆစ်ကိုက်ခဲခြင်း၊ အနီကွက်ထခြင်း စသည့် ရောဂါလက္ခဏာများကို မတ်လ ၅ ရက်နေ့တွင် စတင်ခံစားခဲ့ရသည်။ 

အဆိုပါ သံသယလူနာများအနက်မှ လူနာအချို့၏သွေးကို အမျိုးသား ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာ ဆင်တုပ်ကွေးပိုး တွေ့ရှိခဲ့သည်။ 

ယင်းနောက် အနီးဝန်းကျင်ကျေးရွာများမှ လူနာအချို့၏ သွေးနမူနာများကို ထပ်မံပေးပို့ရာ ဆင်တုပ်ကွေးရောဂါပိုး မတွေ့ရကြောင်း တိုင်းဒေသကြီး ရ.ပ.က.န အဖွဲ့ခေါင်းဆောင် ဒေါက်တာနန္ဒဝင်းက ဆိုသည်။ 

“သူ့ဟာသူ ထိန်းချုပ်နိုင်တဲ့ အခြေအနေတစ်ခုရောက်သွားပြီပေါ့၊ ကျွန်တော်တို့က လုပ်စရာရှိတာ အကုန်လုပ်ပေးနေတယ်၊ အခြားရွာတွေမှာ အုံလိုက်ကျင်းလိုက် ဖြစ်တာတွေ မရှိတော့ဘူး”ဟု ဒေါက်တာနန္ဒဝင်းက ပြောသည်။ 

ခြင်ကိုက်ရာမှတစ်ဆင့် ကူးစက်တတ်သည့် ဆင်တုပ်ကွေးဖြစ်ပွားပါက အပြင်းဖျားခြင်း၊ ခြေဆစ်လက်ဆစ် နာကျင်ကိုက်ခဲခြင်း၊ အနီကွက်ထခြင်း အစရှိသည့် လက္ခဏာများ ဖြစ်ပေါ်လေ့ရှိကြောင်း ဒေါက်တာနန္ဒဝင်းက ဆိုသည်။ 

အဆိုပါ တုပ်ကွေးရောဂါမှာ သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်သည့် ခြင်ကိုက်ခံရခြင်းကြောင့် ကူးစက်ခြင်းဖြစ်ပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ဖြစ်ပွားနိုင်ခြေမရှိသော်လည်း လူအများအပြားကို ကူးစက်လေ့ရှိကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ 

လက်ရှိတွင် ကျေးရွာအတွင်း ရောဂါဖြစ်ပွားမှု လျော့ပါးလာသော်လည်း ဖျားနာ၊ အဆစ်ကိုက်ခဲနာကျင်ပြီး ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းမှ ပြန်ရောက်လာသည့် ဒေသခံရေလုပ်သားများ ရှိနေဆဲဖြစ်ကြောင်း ဘဝါကမ်းခြေကျေးရွာ ကျေးရွာတာဝန်ခံ ဦးစိုးမြင့်က ဆိုသည်။ 

“ကျန်းမာရေးဌာနကလည်း အမြဲမပြတ် စောင့်ကြည့်နေစေချင်တယ်”ဟု ဦးစိုးမြင့်က ပြောသည်။ 

လက်ရှိတွင် အနီးဝန်းကျင်ရှိ ကျေးရွာ အချို့တွင် ဆင်တုပ်ကွေးရောဂါလက္ခဏာဖြစ်သည့် ဖျားနာခြင်း၊ အဆစ်ကိုက်ခဲခြင်းများ ဖြစ်ပွားမှုများနေသည်ဟု ကြားသိရကြောင်း ၎င်းက ပြောသည်။ 

ရောဂါဖြစ်ပွားသည့် ဘဝါကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများတွင် ပိုးလောက်လန်းနှိမ်နင်းရေး လုပ်ငန်းများ၊ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ထားပြီး ရောဂါဖြစ်ပွားသည့် နဘုလယ်ဒေသရှိ ကျေးရွာလေးရွာတွင် ဆေးစိမ်ခြင်ထောင် အလုံးရေ ၃၅၀၀ ခန့်ကိုလည်း ဖြန့်ဝေပေးထားကြောင်း တိုင်းဒေသကြီး ရ.ပ.က.န အဖွဲ့ထံမှ သိရသည်။ 

ထို့အပြင် နေပြည်တော်ရှိ ရောဂါနှိမ်နင်းရေးဌာနမှ ပိုးမွှားကျွမ်းကျင်ပညာရှင်ပါဝင်သည့်အဖွဲ့လည်း မတ်လ ၈ ရက်တွင် ရောက်ရှိလာပြီး ကွင်းဆင်းစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။ 

၂၀၁၀ ခုနှစ် ဝန်းကျင်ကလည်း ကော့သောင်းမြို့နယ်တွင် ဆင်တုပ်ကွေးရောဂါဖြစ်ပွားခဲ့ဖူးပြီး ယခုကဲ့သို့ လူအများအပြား ကူးစက်ခံခဲ့ရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ 

Dawei Watch
The Voice

0 comments:

Post a Comment