Monday, March 18, 2019

အမေရိကန်သမ္မတရွေးပွဲ ယှဉ်ပြိုင်သူစာရင်းတွင် ဂီလီဘရန်း ပါဝင်လာ


အမေရိကန်ပြည်ထောင်စု၏ ၂၀၂၀ သမ္မတရွေးပွဲတွင် ယှဉ်ပြိုင်မည့် ဒီမိုကရက်ပါတီ၏ သမ္မတလောင်းအုပ်စု စာရင်းထဲတွင် နောက်ဆုံးပါဝင်လာသူမှာ မစ္စခရစ်စတင်း ဂီလီဘရန်းဖြစ်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ 
အသက် ၅၂ နှစ်အရွယ် နယူးယောက် ဆီနိတ်တာ မစ္စဂီလီဘရန်းသည် သူမ သမ္မတရွေးပွဲတွင် ယှဉ်ပြိုင်မည့်အကြောင်းကို တနင်္ဂနွေနေ့က ထုတ်လွှင့်သော အွန်လိုင်းဗီဒီယိုတွင် ကြေညာခဲ့သည်။ ၂၀၂၀ သမ္မတရွေးပွဲဝင်ရန် ကြေညာထားပြီးသူ ဒီမိုကရက် ၁၅ ဦး ရှိသည်ဟု သိရှိရသည်။ 

အဆိုပါ ဒီမိုကရက် သမ္မတလောင်းများအနက် ဆီနိတ်တာများဖြစ်သော အယ်လီဇဘက်ဝါရင်း၊ ကာမာလာဟာရစ်နှင့် ၂၀၁၆ ခုနှစ်က ဟီလာရီကလင်တန် နှင့် ယှဉ်ပြိုင်ခဲ့သူ ဘာနီဆန်ဒါတို့အပြင် တက္ကဆပ်စ် အောက်လွှတ်တော်အမတ်ဟောင်း ဘီတိုအိုရုကီ အစရှိသည့်အမတ်များ ပါဝင်သည်။ 

မစ္စဂီလီဘရန်းက သူမ သမ္မတရွေးပွဲ ယှဉ်ပြိုင်မည့်အကြောင်း ကြေညာသော ဗီဒီယိုတွင် သမ္မတထရမ့်အား ရည်ရွယ်သော စကားများကို ပြောဆိုခဲ့သည်။ 

“ရဲရင့်သူတွေက တစ်ဦးကိုတစ်ဦး ချောက်မတွန်းဘူး။ ရဲရင့်သူတွေက လူတွေရဲ့ဘဝတွေကို ငွေနဲ့မဖိဘူး။ ရဲရင့်သူတွေက အမုန်းတရားတွေကို မဖြန့်ဘူး။ အမှန်တရားကို ဖုံးကွယ်တာ၊ တံတိုင်းဆောက်တာတွေက လူကြောက်တွေ လုပ်ကြတာ”ဟု သူမက ပြောဆိုလိုက်သည်။ 

ဒုတိယသမ္မတဟောင်း ဒီမိုကရက် ဂျိုးဘီဒင်ကလည်း လာမည့်သမ္မတရွေးပွဲတွင် ဒေါ်နယ်ထရမ့်ကို စိန်ခေါ်လိုကြောင်း စနေနေ့က အမှတ်တမဲ့ပုံစံဖြင့် ပြောဆိုခဲ့သည်။ 

ဒီလာဝဲနေအိမ်တွင် ဒီမိုကရက်များနှင့်တွေ့ဆုံခဲ့သော ဂျိုးဘီဒင်က ၎င်း၏ မှတ်တမ်းသည် သမ္မတရွေးပွဲ ဝင်မည့်သူ မှန်သမျှအနက် ပြောင်းလဲတိုးတက်မှု အရှိဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

တက်ရောက်လာသည့် ပရိသတ်က “ခင်ဗျားဝင်ပြိုင်ပါ ဂျိုးရေ”ဟု အော်ဟစ် အားပေးခဲ့ကြသည်။ မစ္စတာဘီဒင်က “ကျုပ်အဲသလို ဆိုလိုတာ မဟုတ်ဘူးနော်”ဟု ပြန်လည်ပြောဆိုလိုက်သည်။ 

သမ္မတရွေးပွဲ ယှဉ်ပြိုင်ရန် ဂျိုးဘီဒင်က ကြေညာလိမ့်မည်ဟူသော ခန့်မှန်းချက်များမှာ ဇာတ်ရှိန်အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု အကဲခတ်လေ့လာသူများက မှတ်ချက်ပေးသည်။ 

The Voice

0 comments:

Post a Comment