Monday, March 11, 2019

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် ပုဒ်မ ၄၃၆(က)သည် ပြင်ဆင်ရန်ခက်ခဲပြီး အကိုင်အတွယ်မတတ်ပါက ပြိုကွဲနိုင်ဟု ဦးစိုးသိန်းပြော


ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အား ပြင်ဆင်ရာတွင် ပုဒ်မ ၄၃၆(က)သည် နိုင်ငံတော်၏ Structure ဖြစ်ပြီး ပုဒ်မ ၉၃ ခုရှိကာ ပြင်ဆင်ရန်ခက်မည်ဖြစ်ပြီး အကိုင်အတွယ် မတတ်ပါက ပြိုကွဲနိုင်ကြောင်း ကယားပြည်နယ်မဲဆန္ဒအမှတ်(၉)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက မတ်လ ၈ ရက်တွင်ပြောသည်။ 
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးစဉ် ၎င်းက ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီကြသကဲ့သို့ ရာနှုန်းပြည့်မှန်ကန်ပြီးပြည့်စုံခြင်း မဟုတ်ကြောင်း၊ ကာလအတိုင်းအတာ တစ်ခုအထိ သုံးသပ်ကြ ပြုပြင်ကြ ရမည်ကို လက်ခံကြောင်း၊ သို့သော်လည်း ပြုပြင်ရ လွယ်လွန်းပါက တက်လာသည့် အစိုးရတိုင်းက ပြင်ဆင်နေတာဓမ္မတာမို့ ပြုပြင်ရခက်အောင် လုပ်ထားသည်ကိုတွေ့ရသည်။ နိုင်ငံ၏ ဖြတ်သန်းလာသည့် သမိုင်းကြောင်း အတွေ့အကြုံအရ ယင်းသို့ လုပ်ဆောင်ထားသည်ကို သတိပြုရန်လိုသည် ဟုလည်း ၎င်းကဆိုသည်။ 

“ဘုံအခြေခံကတော့ အခုတည်ဆောက်နေတဲ့ ဒီမိုကရေစီ မပြိုပျက်စေဖို့ နဲ့ မကွဲရှစေဖို့ဖြစ်ပါတယ် အရွှေ့အပြောင်း ငြင်သာဖို့ ညက်ညောဖို့ သိမ်မွေ့ဖို့ အတွက် တည်ဆဲ ၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ တွေဖြစ်တဲ့ ၁၀၂ ၊၄၃၃၊ ၄၃၄၊ ၄၃၅ ၊၄၃၆ နည်းဥပဒေ ၁၃၄ကနေ ၁၄၃ အထိ ကို လိုက်နာမယ်ဆိုရင် ပိုပြီး အဆင်ပြေမယ်လို့ ကျွန်တော်ယူဆပါတယ်။ ခွဲခြမ်းစိတ်ဖြာကြည့်ရင် ၄၃၆ (က)က နိုင်ငံတော်ရဲ Structure ဖြစ်ပြီးတော့ ပုဒ်မ ၉၃ ခုရှိပါတယ်။ ပြင်ဆင်ဖို့နဲနဲခက်မယ် အကိုင်အတွယ်မတတ်ရင် ပြိုကွဲနိုင်တယ်။ ၄၃၆ (ခ)က ပြင်ဆင်ဖို့လွယ်မယ်။ အောင်မြင်မယ်”ဟု ဦးစိုးသိန်းကပြောသည်။ 

ဖက်ဒရယ်စနစ်ကို သွားရန် ပြင်မည်ဆိုပါက ပထမအဆင့်တွင် ၄၃၆(ခ)တွင်ပါသည့် ပုဒ်မများကို ရှာ၍ ညှိနှိုင်းရမည်ဖြစ်ပြီး လွယ်သည်ကို လက်တွဲလုပ်ပြီးခက်ခဲသည့် အပိုင်းအတွက် ယုံကြည်မှုများတည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ အချင်းချင်းရန်ဖြစ်နေရုံနှင့် ယုံကြည်မှုရမလာနိုင်ဘဲ ပို၍ ပင်ဆိုးသွားနိုင်သည်ဟု ဦးစိုးသိန်းက ဆက်လက်ပြောကြားခဲ့သည်။ 

The Ladies News

0 comments:

Post a Comment