Monday, March 18, 2019

တနင်္သာရီမြို့နယ်တွင် မီးကြွင်းမီးကျန်ကတဆင့် နေအိမ် ၆ လုံး မီးလောင်ဆုံးရှုံး


တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ချောင်းကြီးရပ်မှာ မတ်လ ၁၈ ရက် ညနေ ၄ နာရီလောက်က မီးကြွင်းမီးကျန်ကတဆင့် မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၆ လုံး ပျက်စီး ဆုံးရှုံးသွားပါတယ်။ 
ချောင်းကြီးရပ်ကွက်၊ တိုးချဲ့ ၃ လမ်းမှာ နေထိုင်တဲ့ ဦးမျိုးကျင်ဟာ နေ့လယ်စာ ထမင်းဟင်းချက်ပြီး အိပ်မောကျသွားချိန် မီးသွေးမီးဖိုရဲ့ မီးကြွင်းမီးကျန်ကတဆင့် ဝါးထရံကို မီးစွဲလောင်ခဲ့တာပါ။ 

မီးလောင်နေတာကို နေအိမ်ရှေ့ လမ်းပေါ်မှာရှိနေတဲ့ သမီးဖြစ်သူက တွေ့ရှိပြီး အော်ဟစ်တာကြောင့် ဦးမျိုးကျင် အိပ်ရာကထပြီး ရေနဲ့လောင်းကာ မီးငြှိမ်းသတ်ခဲ့ပေမယ့် မီးညွန့်မကျိုးဘဲ အနီးပတ်ဝန်းကျင်ရှိ နေအိမ်တွေကို မီးဆက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ 

တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တဦးက “တိုးချဲ့ ၃ လမ်းက မီးစလောင်တယ်။ မီးလောင်တဲ့အချိန်မှာ လေပြင်းတိုက်တော့ မီးစလောင်တဲ့အိမ်နဲ့ ကျောချင်းကပ်နေတဲ့အိမ်ကို ကူးပြီးလောင်တယ်။ အိမ်ခြေ ၆ လုံး မီးဘေးသင့်ပြီး နေအိမ် ၇ လုံးကိုတော့ မီးထပ်မကူးအောင် အမိုးအကာတွေ ဖြိုဖျက်လိုက်ရတယ်” လို့ ပြောပါတယ်။ 

မီးလောင်ရာသို့ တနင်္သရီမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲနဲ့ တပ်မတော်သားတွေ၊ ဒေသခံတွေ ဝိုင်းဝန်းငြှ်ိမ်းသတ်တာကြောင့် ညနေ ၄ နာရီ ၅၀ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။ 

မီးလောင်ကျွမ်းမှုကြောင့် လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးမှုမရှိဘဲ မီးဘေးသင့်ခဲ့တဲ့ အိမ်ထောင်စု ၆ စုက လူဦးရေ ၃၀ လောက်ကို ချောင်းကြီး ဘုန်းတော်ကြီးကျောင်းမှာ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ ပြောင်းရွှေ့နေရာချပေးထားပါတယ်။ 

မီးစလောင်ခဲ့တဲ့ နေအိမ်ပိုင်ရှင် ဦးမျိုးကျင် (၅၈) နှစ်ကိုတော့ တနင်္သာရီမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ပေါ့ဆမီးလောင်ကျွမ်းမှုနဲ့ အရေးယူထားပါတယ်။ 

မြတ်ထွဋ် (မြိတ်)
DVB

0 comments:

Post a Comment