Saturday, March 16, 2019

သေနတ်ကိုင်ဆောင်ခွင့်ဥပဒေ ပြင်မည်ဟု နယူးဇီလန်ဝန်ကြီးချုပ်ပြော


နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်က သေနတ်ကိုင်ဆောင်ခွင့်ဥပဒေကို ပြင်ဆင်မယ်လို့ ဗလီနှစ်ခု သေနတ်ပစ်ခတ်မှုဖြစ်ပြီး နောက်တနေ့မှာ ပြောကြားလိုက်ပါတယ်။ 
နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့ ဗလီနှစ်ခုမှာ မတ်လ ၁၅ ရက်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် လူ ၄၉ ယောက် သေဆုံးပြီး အယောက် ၄၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ 

ဒဏ်ရာရသူတွေထဲက ၁၁ ယောက်ဟာ အရေးပေါ်ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ သေနတ်ပစ်ခတ်မှုမှာ အဓိက သံသယရှိသူ သြစတြေးလျနိုင်ငံသားကို မနေ့က လူသတ်မှု နဲ့ စွဲချက်တင် ရုံးထုတ်ခဲ့ပါတယ်။ 

“ကျမတို့ နိုင်ငံရဲ့ သေနတ်ကိုင်ဆောင်ခွင့်ဥပဒေတွေကို ပြင်ဆင်မှာ ဖြစ်ပါတယ်။ ၂၀၀၅၊ ၂၀၁၂ နဲ့ ၂၀၁၇ စုံစမ်းရေး ပြုလုပ်ပြီးနောက်မှာ ပြင်ဆင်ရေးတွေ လုပ်ဖို့ ကြိုးပမ်းဖူးပါတယ်၊ အခုချိန်ဟာ ပြင်ဆင်ရမယ့် အချိန်ပါ။ ဒီသေနတ်သမားဟာ ကျမတို့နိုင်ငံထဲ ဘယ်လိုဝင်လာပြီး ဒီလိုအကြမ်းဖက်လုပ်ရပ်ကို လုပ်သလဲဆိုတာကို မေးခွန်းထုတ်နေကြပါတယ်” လို့ ၀န်ကြီးချုပ် ဂျက်စင်ဒါ အာဒန်က မတ်လ ၁၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

အဲဒီနောက်မှာတော့ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးရသူတွေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေက ပြစ်တင်ရှုတ်ချပြီး သေဆုံးထိခိုက်သူတွေနဲ့ တသားတည်းရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

DVB

0 comments:

Post a Comment