Tuesday, March 12, 2019

ပြည်ထောင်စုဖောင့်စနစ်ကို အဆင့်မြင့်ပညာရေးလက်အောက်ရှိ ဌာနတိုင်းတွင် မတ်လ ၁၅ ရက်မှစတင်ပြီး တစ်ပြေးညီ အသုံးပြုရမည်


အဆင့်မြင့်ပညာရေး ဦးစီးဌာန လက်အောက်ရှိ ဌာနတွေမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရရဲ့ အီလက်ထရောနစ် ၀န်ဆောင်မှုတွေကို တစ်ပြေးညီ အသုံးပြုနိုင်ဖို့အတွက် မတ် ၁၅ ရက်ကနေစတင်ပြီး ပြည်ထောင်စု ဖောင့်ကို အသုံးပြုဖို့ စာထုတ်ထားတယ်လို့ သိရပါတယ်။ 


အဆင့်မြင့်ပညာရေး ဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေမှာ International Startard Organization 10646 (MMS ISO/IEC 10646; 2017) နဲ့ ပိုမိုကိုက်ညီတဲ့ ပြည်ထောင်စုဖောင့်စနစ်ကို မတ် ၁၅ ရက်က စတင်ပြီး အသုံးပြုသွားဖို့ မတ် ၈ ရက်၊ ရက်စွဲပါ စာနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုဖောင့်မှာ ကွန်ပျူတာသုံး မြန်မာစာစနစ် ဖောင့်အမျိုးအစားတစ်ခု ဖြစ်ပြီး ယူနီကုဒ်စနစ် (Unicode) ကို လိုက်နာထားတဲ့ စနစ်တစ်ခု ဖြစ်ကြောင်း၊ ယူနီကုဒ် ဆိုသည်မှာ နိုင်ငံတိုင်းတွင် အသုံးပြုလျက်ရှိသော အက္ခရာစာလုံးများအတွက် မည်သည့် Platform တွင်ဖြစ်စေ၊ မည်သည့် Program တွင် ဖြစ်စေ၊ မည်သည့် ဘာသာစကား Language တွင် ဖြစ်စေ အက္ခရာတစ်ခုချင်းစီကို သီးခြား သတ်မှတ်ပေးထားတဲ့ ကုဒ်နံပါတ်တွေဖြစ်ကြောင်း၊ ယူနီကုဒ် ဆိုသည်မှာ ကမ္ဘာမှာ အသုံးပြုတဲ့ စကားများအားလုံးမှ အက္ခရာစာလုံး တစ်လုံးတိုင်းအတွက် တိကျသော နံပါတ်တစ်လုံးတည်းသာ သတ်မှတ်ပေးထားတဲ့ ဘုံသုံး စံစနစ် ဟူ၍လည်းခေါ်ဆိုကြကြောင်း သိရပါတယ်။ 



ယူနီကုဒ်စနစ်ကို လိုက်နာရေးသားထားတဲ့ ပြည်ထောင်စုဖောင့် ကွန်ပျူတာသုံး မြန်မာစာစနစ်ဟာ ယခင် Myanmar 3 ဖောင့်ကို အဆင့်မြှင့်ထားသည့် ဖောင့်ဟု ခေါ်ဆိုနိုင်ကြောင်း၊ သို့သော် Myanmar 4 ဟု မခေါ်တွင်ဘဲ ပြည်ထောင်စုဟု ပြောင်းလဲ ခေါ်တွင်စေခြင်းသာ ဖြစ်ကြောင်း၊ ပြည်ထောင်စုဖောင့်မှာ အရင် Myanmar 3 ဖောင့်နဲ့ အဆင်မပြေ မကိုက် ညီတဲ့ ကွန်ပျူတာ လည်ပတ်မှုစနစ် (Operation System) များ၊ Office များအတွက် ပိုမို အဆင်ပြေစေရန် ဆောင်ရွက်ထားခြင်းဖြစ်ပြီး Myanmar 3 မှာ မပါဝင်သေးတဲ့ တိုင်းရင်းသား ဘာသာစကားများ ပါဝင်လာကြောင်း သိရပါတယ်။ 



ကျော်ဇေယျ
Internet Journal

0 comments:

Post a Comment