Saturday, March 16, 2019

ယခုနှစ် မန္တလေးလမ်းလျှောက်သင်္ကြန်ဧရိယာကို ကျုံးအရှေ့ဘက်လမ်းတစ်လျှောက် တိုးချဲ့ထားရာ ပလက်ဖောင်းပြင်ဆင်မှုများရှိသည့်အတွက် မဏ္ဍပ်များကို ၆၆ လမ်းပေါ်တွင် တည်ဆောက်ခွင့်ပြုမည်ဟုဆို


၂၀၁၉ ခုနှစ်တွင် ကျင်ပမည့် မန္တလေး လမ်းလျှောက်သင်္ကြန်ကို ကျုံးတောင်ဘက်နှင့် ကျုံးအရှေ့ဘက်ခြမ်းများတွင် နေရာချထား ကျင်းပသွားမည်ဖြစ်ရာ ကျုံးအရှေ့ဘက်ခြမ်းမှာ ပလက်ဖောင်း ပြင်ဆင်မှုများရှိနေသည့် အတွက် မဏ္ဍပ်များကို ၆၆ လမ်းပေါ်တွင် တည်ဆောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။ 
မန္တလေး လမ်းလျှောက်သင်္ကြန်အား ၂၀၁၇ ခုနှစ်မှစတင်ကာကျင်းပခဲ့ခြင်းဖြစ်ပြီး လာရောက်မှု များပြားလာသောကြောင့် ယခုနှစ်တွင် ကျုံးအရှေ့ဘက်ခြမ်းလမ်းတစ်လျှောက်လုံးတွင်ကျင်းပသွားမည်ဖြစ်ရာ ကျုံးတောင်ဘက်ခြမ်းတွင် မဏ္ဍပ် ၈၈ ခု ၊ ကျုံး အရှေ့ဘက်ခြမ်းတွင် မဏ္ဍပ် ၁၉၆ ခု ချထား မည်ဖြစ်ကြောင်းသိရသည်။ 

“ကျုံးအရှေ့ဘက်မှာ ပလက်ဖောင်းတွေက လုပ်နေဆဲဖြစ်တယ်။ သစ်ပင်တွေ လည်းစိုက်နေတာဖြစ်တာကြောင့် သင်္ကြန်မှာ ပလက်ဖောင်းတွေပေါ် ပေးဆောက်ရင် သစ်ပင်တွေနဲ့ အခြားပျက်စီးတာတွေ ဖြစ်မှာကြောင့် အခု ပြုပြင်တဲ့ ကားထားတဲ့အတိုင်း ကာထားမယ်။ လမ်းလျှောက်သင်္ကြန်အနေနဲ့ ကျုံးအရှေ့ဘက်က ကားလမ်းပေါ်မှာ ရေကစား တာတွေ၊ မဏ္ဍပ်တွေရှိမှာဖြစ်ပါတယ်။ ဒီနှစ်က ကျုံးအရှေ့ဘက် ၆၆ လမ်းကို ၁၂ လမ်းကနေ ၂၆ လမ်းအထိ လမ်းလျှောက် သင်္ကြန်အဖြစ်တိုးချဲ့လုပ်တာပါ။ ဘာကြောင့် လုပ်ရသလဲဆိုရင် မနှစ်က လမ်းလျှောက် သင်္ကြန်မှာ လာတဲ့သူတွေ အရမ်းများတဲ့အတွက် ကျပ်တည်းတာတွေဖြစ်လို့ ဧရိယာတိုး ချဲ့တာပါ” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။ 

တိုးချဲ့ကျင်းပသည့် ကျုံးအရှေ့ဘက်ခြမ်း လမ်းလျှောက်သင်္ကြန်ဧရိယာတွင် ၁၉လမ်းနှင့် ၂၃ လမ်းကြားတွင် တောသင်္ကြန် နေ့ဈေး၊ ညဈေး ဖွင့်လှစ်ခွင့်ပြုမှာဖြစ်ပြီး ယင်း ဈေးတန်းတွင် စားသောက်စရာများအား အဓိကထားရောင်းချသွားမည်ဖြစ်ကာ ၁ဝပေ ပတ်လည်ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ရှိမည် ဖြစ်သည်။ 

အဆိုပါဆိုင်ခန်းများကို တစ်ဆိုင်လျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် ကောက်ခံရောင်းချ သွားမည်ဖြစ်ကြောင်း၊ ထို့အတူကျုံးအရှေ့ဘက် လမ်းတစ်လျှောက်တွင် အညာသင်္ကြန် နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုသင်္ကြန်များလည်း ပါရှိမည်ဖြစ်ကြောင်းသိရသည်။ 

လက်ရှိတွင် မဏ္ဍပ်လျှောက်ထားခြင်း များနှင့် ဆိုင်ခန်းဖွင့်လှစ်ရောင်းချခြင်းများကိုလက်ခံဆောင်ရွက်လျက်ရှိပြီး တောသင်္ကြန် နေ့ဈေး၊ ညဈေးဆိုင်ခန်းများ မလောက်ငပါက ဧရိယာတိုးချဲ့သတ်မှတ်ပေးနိုင်ရန် လျာထား ကာ ကျုံးမြောက်ဘက်နှင့် ကျုံးအနောက်ဘက် ခြမ်းများတွင် ပေ ၁ဝဝရှိ ရေကစားမဏ္ဍပ် စင်မြင့်ကြီးများကို ခွင့်ပြုမည်ဖြစ်ကြောင်း၊ ကျုံးအနောက်ဘက်ခြမ်းလမ်း ၈ဝတွင်မဏ္ဍပ် အကြီး ၁၇ ခုနှင့် ကျုံးမြောက်ဘက်ခြမ်းတွင် မဏ္ဍပ်ကြီး ၁၀ ခုရှိမည်ဖြစ်ကာ ယင်းမဏ္ဍပ် ကြီးများကို ဈေးပြိုင်စနစ်ဖြင့် ချထားပေးသွား မည်ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment