တာဝန်မှနုတ်ထွက်ထားသည့် မြောက်ဦးမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးအနေဖြင့် တာဝန်ပြန်လည် ထမ်းဆောင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးက သဘောထားတောင်းခံထားမှုကို မတ်လ ၁၇ ရက်နေ့ အစည်းအဝေးပြီးမှ အကြောင်းပြန်နိုင်မည် ဖြစ်ကြောင်း သံရှင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
“ ကျွန်တော်တို့ကို တာဝန်ထမ်းဆောင်ကြောင်းနဲ့ အကယ်၍ တာဝန် မထမ်းဆောင်နိုင်ဘူး ဆိုရင်လည်း အကျိုးအကြောင်း ခိုင်လုံစွာနဲ့ ဒီကနေ့ နောက်ဆုံးထားပြီး တင်ပြကြဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးက စာထုတ်ပါတယ်။ ကျွန်တော်တို့က ဒီစာမထုတ်ခင်ကတည်းက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အားလုံး ပါဝင်တဲ့ အစည်းအဝေး တစ်ခုကို မတ် ၁၇ရက်နေ့ လုပ်ဖို့ စီစဉ်ထားတယ်။ ဒါကြောင့် ၁၇ ရက်နေ့ အစည်းအဝေးပြီးမှ အကြောင်း ပြန်ကြားနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းအုပ်ချုပ်ရေးမှူးက ပြော ကြားသည်။
ယနေ့တွင် မြောက်ဦးတစ်မြို့နယ်လုံးရှိ ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်စား ၁၆ ဦးပါ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့သည် မြိုနယ် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံရန် အစီအစဉ်ရှိပြီး ၎င်းတွေ့ဆုံပွဲတွက် မတ်လ ၁၇ ရက်နေ့ထိ စောင့်ဆိုင်း ပေးရန် တင်ပြတောင်းဆိုသွားမည်ဟုလည်း ၎င်းအုပ်ချုပ်ရေးမှူးက ပြောဆိုသည်။
မတ်လ ၁၃ ရက်နေ့တွင် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန် လက်မှတ်ရေးထိုး ထုတ်ပြန် လိုက်သည့် စာတွင် "နုတ်ထွက်ခွင့်တင်ထားခဲ့သည့် အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့၏ လုပ်ငန်း တာဝန်များကို မတ်လ ၁၅ ရက်နေ့၊ ညနေ ၃ နာရီအချိန် ပြန်လည်ထမ်းဆောင်ကြောင်း တင်ပြကြရန်နှင့် တာဝန် ထမ်းဆောင်နိုင်မှု မရှိပါက အကျိုးအကြောင်းခိုင်လုံစွာဖြင့် ယင်းနေ့တွင်ပင် ပြန်လည်တင်ပြရမည်ဟု ဖော်ပြထားသည်။
ယင်းကဲ့သို့ သဘောထားတောင်းခံမှုနှင့်ပတ်သက်ပြီး တာဝန်မှနုတ်ထွက်ထားသူ မြောက်ဦးမြို့နယ် ကျွဲတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှတင်က "ဒါက အများနဲ့ သဘောတူဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် ကျနော်တို့ တခြားအုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးမှ ထပ်ပြီးပြောလို့ရမယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေ တွေ့ဆုံဖို့လည်း ရှိပါတယ် "ဟု နိရဉ္စရာကိုပြောသည်။
မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ဝ၃ ဦးသည် သူတို့၏လုံခြုံရေးစိုးရိမ်နေရပြီး သူတို့အား အကာအကွယ်ပေးမည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများမရှိသည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်အား ထမ်းဆောင်လိုခြင်းမရှိတော့၍ဟုဆိုကာ ယခုလအစောပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ စုပေါင်း လက်မှတ်ရေးထိုး နုတ်ထွက်စာတင်ခဲ့ကြခြင်းဖြစ်သည်။
ထိုကဲ့သို့ စုပေါင်းလက်မှတ်ထိုးကာ အစုလိုက်အပြုံလိုက်တင်ပြလာသည့် နုတ်ထွက်စာမှာ တရားမဝင်၍ဟု ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏နုတ်ထွက်ခွင့်တောင်းခံမှုကို ခွင့်မပြုနိုင်ဘဲ တစ်ဦးချင်းတစ်ယောက် တင်ပြမှသာခွင့်ပြုနိုင်မည်ဟု ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြောဆိုထားသည်။
နုတ်ထွက်လိုက်သည့်ကျေးရွာအုပ်ချုပ်ရေးမှူးများကမူ တစ်ဦးချင်းတစ်ယောက်အနေဖြင့် နုတ်ထွက်စာ ထပ်မံတင်ပြရန်ဆန္ဒမရှိတော့ဟုလည်း ပြီးခဲ့သည့်အပတ်က နိရဉ္စရာသတင်းဌာနအား ပြောဆိုထားသည်။
မာန်ယုကျော် (ရွှေဝမြေ)
Narinjara







0 comments:
Post a Comment