Sunday, March 17, 2019

ဇနီးဟောင်းကိုဓားဖြင့်လှီးသည့် အမျိုးသားအား အမှုဖွင့်


သင်္ဃန်းကျွန်းမြို့နယ်၊ ၂၉ ရပ်ကွက်တွင် ဈေးဝယ်သွားသည့် အမျိုးသမီးတစ်ဦးကို ၎င်း၏ခင်ပွန်းဟောင်းဖြစ်သူက ဓားဖြင့်လှီးခဲ့သောကြောင့် မတ်လ ၁၆ ရက်နေ့က သုဝဏ္ဏနယ်မြေရဲစခန်းမှ အပြင်းအထန် နာကျင်စေမှုပုဒ်မဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
ပြစ်မှုကျူးလွန်သူ အသက် ၃၉ နှစ် အမျိုးသားမှာ မတ်လ ၁၁ ရက် ည ၇ နာရီက သုဝဏ္ဏဈေးသို့ ဈေးဝယ်သွားသည့် ၎င်း၏ ဇနီးဟောင်းဖြစ်သူနောက် လိုက်လာပြီး ပြန်လည် ပေါင်းသင်းနေထိုင်လိုကြောင်း ပြောစဉ် အမျိုးသမီးကလက်မခံဘဲ ငြင်းဆိုသဖြင့် အသင့်ယူဆောင်လာသော ခဲတံချွန်ဓားဖြင့် အမျိုးသမီး၏ လည်ပင်းနှင့် လက်မောင်းတို့ကို လှီးခဲ့သည်။ 

ဓားဖြင့်လှီးခံရသည့် အသက် ၄၅ နှစ် အမျိုးသမီးမှာ လည်ပင်းတွင် ခြောက်လက်မခန့် ပြတ်ရှဒဏ်ရာရခဲ့ပြီး ဘယ်လက်မောင်းတွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့သောကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရပြီးနောက် မတ်လ ၁၆ ရက်နေ့တွင် ရဲစခန်းသို့လာရောက်ကာ ခင်ပွန်းဟောင်းဖြစ်သူအား အမှုဖွင့် အရေးယူပေးပါရန် တရားလိုပြုတိုင်ကြားခဲ့သည်။ 


ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူခံရသည့် အမျိုးသားမှာ ၎င်း၏ဇနီးနှင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လက ကွာရှင်းခဲ့ပြီးဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice 

      

0 comments:

Post a Comment