တစ်နိုင်ငံလုံး၌ ခွေးကိုက်ခံရမှု ဖြစ်စဉ်များ များပြားလာသည့်အတွက် ဆေးဝါးစက်ရုံ (အင်းစိန်) တွင် ခွေးရူးပြန်ကာကွယ်ဆေးများ ထုတ်လုပ်နိုင်ရန်ပြင်ဆင်နေကြောင်း မြန်မာ့ ဆေးဝါးလုပ်ငန်းမှ သိရသည်။
လက်ရှိ မြန်မာတစ်နိုင်ငံလုံး၌ ခွေးကိုက်ခံရမှုဖြစ်စဉ်များ များပြားလာပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက ဖြစ်ပွားသူ ၁ ဒသမ ၉ သိန်းခန့်ရှိရာ ပြည်သူ့ဆေးရုံများတွင် ကျန်း မာရေးဝန်ကြီးဌာနက ပံ့ပိုးထောက်ပံ့ထား သော ခွေးရူးပြန်ရောဂါကာကွယ် ဆေးများ ပြတ်လပ်မှုပင် ကြုံတွေ့ခဲ့ရကြောင်း သိရ သည်။
၂၀၁၂ခုနှစ် ဇူလိုင်လမှစ၍ ခွေးကိုက်ခံရသူ လူနာများအား ခွေးရူးပြန်ရောဂါမဖြစ်ပွားစေရေးအတွက် ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ ထိုးနှံနိုင်ရန် အစိုးရဘဏ္ဍာငွေဖြင့် ဖြည့်တင်းပေးခဲ့ပြီး ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆေးရုံကြီးများ၊ ခရိုင်၊ မြို့နယ်တိုက်နယ်အဆင့် ဆေးရုံများအထိ ဖြန့်ဖြူး၍ ခွေးကိုက်ခံရသူ လူနာများအား ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းနှင့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှစတင်၍ ခွေးကိုက်ခံရသူ လူနာများအားခွေးရူးပြန် ရောဂါ မဖြစ်ပွားစေရေးအတွက် ထိုးနှံပေးသော Immunoglobulin များကိုလည်း အစိုးရဘဏ္ဍာငွေဖြင့် ဖြည့်တင်းပေးလျက်ရှိကြောင်း သိရသည်။
ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး နှင့် ပတ်သက်ပြီး လက်ရှိဈေးကွက်တွင် သုံးစွဲနေသည့်ဆေးများမှာ Human diploid cell vaccine (HDCV), purified vero cell rabies vaccine (PVRV), purified chick embryo cell vaccine (PCECV) and purified duck embryo vaccine (PDEV) တို့ဖြစ်ကြောင်း နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် နိုင်ငံအသီးသီးတွင် ငွေကြေးကုန်ကျမှုသက်သာ စေသည့် အရေပြားတွင်း ဆေးထိုးစနစ် အစီအစဉ် Intradermal (ID) rabies vaccination scheduleကို တိုက်တွန်းအားပေးလျက်ရှိပြီး ၎င်းဆေးထိုးနည်းသည် စိတ်ချရပြီး ထိရောက်မှုရှိသည့်အပြင် ခေတ်မီကာကွယ်ဆေးများကို လက်လှမ်းမီပြီး ဈေးသက်သက်သာသာဖြင့် သုံးစွဲနိုင်ကြောင်း သိရသည်။
ဆေးဝါးစက်ရုံ (အင်းစိန်) အနေဖြင့် လက်ရှိ ပြည်တွင်းလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ Public Private Partnership(PPP) အနေဖြင့်ဆောင်ရွက်ထားပြီး ပလတ်စတစ် ဆေးဘူးခွံ ထုတ်လုပ်ရေးအဆောက်အအုံများ ပြင်ဆင်ခြင်း၊ ဆေးဘူးခွံထုတ်လုပ်သည့် Blow Moulding စက်များနှင့် ဆေးဘူးအဖုံး ထုတ်လုပ်သည့် Injection Moulding စက်များ အထိုင်ချ တပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း လုပ်ဆောင်ပြီးဖြစ်ကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း BPI မှ ထုတ်လုပ်သော ဆေးဝါးများ ကျပ် ၃၆ ဒသမ ၉၄၂ ဘီလျံရောင်းချနိုင်ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက အများဆုံးဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
BPI မှ ထုတ်လုပ်သော ဆေးဝါးများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကျပ် ၂၆ ဒသမ၈ ၁၇ ဘီလျံအထိ အများဆုံးဝယ်ယူခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ကျပ် ၂ ဒသမ ၄၀၇ ဘီလျံ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကျပ် ၀ ဒသမ ၁၈၀ ဘီလျံနှင့် ပုဂ္ဂလိကဆေးရုံများနှင့် အရောင်းကိုယ်စားလှယ်များက ကျပ် ၇ ဒသမ ၅၃၈ ဘီလျံအထိ ဝယ်ယူခဲ့ကြောင်း သိရသည်။
ဆေးဝါးစက်ရုံ(အင်းစိန်)တွင် ပြည်တွင်း၌ ထုတ်လုပ်နိုင်ခြင်းမရှိသည့် ဆေးဝါးအမည်သစ်များကို တိုးချဲ့ထုတ်လုပ်လျက်ရှိပြီး အမေရိကန်နှင့်စပိန်နိုင်ငံတို့က ကျော်ကြားသည့်ဆေးထုတ်လုပ်ရေးကုမ္ပဏီများဖြင့် အ ကျိုးတူပူးပေါင်း၍ ဆေးထုတ်လုပ်ရေးလိုင်း သစ်များ ထပ်မံတိုးချဲ့ လုပ်ဆောင်ရန်စီစဉ်နေကြောင်း သိရသည်။
Eleven Media Group






0 comments:
Post a Comment