Thursday, March 7, 2019

ငြိမ်းချမ်းရေးကော်မရှင်နှင့် အပစ်ရပ်အဖွဲ့ ၁၀ ဖွဲ့ မတ်လ ၉ ရက်တွင် တွေ့ဆုံဆွေးနွေးမည်



ငြိမ်းချမ်းရေးကော်မရှင်နှင့် NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များသည် မတ်လ ၉ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့ကိုယ်စားလှယ်များက ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်က တွေ့ဆုံဆွေးနွေးရန် အဆိုပြုချက်ကို မတ်လ ၆ ရက်က ကျင်းပသည့် NCA လက်မှတ်ထိုးအဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ဒုတိယနေ့တွင် ဆုံးဖြတ်ခဲ့ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ငြိမ်းချမ်းရေးကော်မရှင်သည် အပစ်ရပ် ၁၀ ဖွဲ့နှင့်မတွေ့ဆုံမီ မတ်လ ၈ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့်သီးခြား တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အစိုးရနှင့် တွေ့ဆုံစဉ်ဆွေးနွေးရန် ၁၀ ဖွဲ့၏ အစည်းအဝေးက အကြောင်းအရာများ ချမှတ်ပေးထားကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေသည့် အကြောင်းအရာများ ကျော်လွှားနိုင်ရေး ကိစ္စများဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။
ငြိမ်းချမ်းရေးကော်မရှင်နှင့်တွေ့ဆုံပါက ကော်မရှင်ဘက်က ဆွေးနွေးချက်အပေါ် မူတည်ပြီး တုံ့ပြန်ဆွေးနွေးမည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်ကပြောကြားသည်။

‘‘သူတို့မေးမှာကတော့ ငြိမ်းချမ်းရေးညီလာခံ ဘယ်လိုလုပ်မလဲ၊ ဘယ်တော့လုပ်မလဲပေါ့’’ ဟု ၎င်းကဆိုသည်။

အဆိုပါ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဆက်လက်ကျင်းပနိုင်ရေးကိစ္စနှင့်ပတ်သက်ပြီး အပစ်ရပ် ၁၀ ဖွဲ့အကြားဆွေးနွေးနေရာ မပြီးစီးသေးကြောင်း ခိုင်စိုးနိုင်အောင်က ပြောသည်။

NCA လက်မှတ်ထိုး ၁၀ ဖွဲ့သည် မတ်လ ၅ ရက်ကစ၍ ထိုင်းနိုင်ငံ ချင်းမိုင်၌ အထူးအစည်းအဝေး ခေါ်ယူကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စများ ဆွေးနွေးနေသည်။

အပစ်ရပ် ၁၀ ဖွဲ့အနက် KNU နှင့် RCSS တို့က PPST စုဖွဲ့မှုကို ပြန်လည်ညှိနှိုင်းဆွေးနွေးပြီး ရည်မှန်းချက်တူညီရာကို အတူတကွ ပူးတွဲအကောင်အထည်ဖော်နိုင်သည့် အစည်းအဝေးအဖြစ် အသွင်ပြောင်းလိုကြောင်း အဆိုပြုထားသည်။ ယင်းအဆိုပြုချက်အတိုင်း PP ST အစည်းအဝေးနှင့်ပတ်သက်ပြီး လိုက်လျောညီထွေဖြစ်စေမည့် ကိုယ်စားလှယ် လွှဲပြောင်းမှုပြုလုပ်မည်ဖြစ်ကြောင်း KNU နှင့် RCSS က အစည်းအဝေးသို့ တင်ပြခဲ့သည်။

7Day News Journal

0 comments:

Post a Comment