ဆားဘီးယားနိုင်ငံတွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာသည် နိုင်ငံပိုင်ရုပ်သံ RTS ရုံးချုပ်ကို စနေနေ့က ဝိုင်းထားခဲ့ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ဆားဘီးယားနိုင်ငံတွင် သမ္မတ အလက်ဇန်ဒါဗူဆစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်သော ဆန္ဒပြပွဲများသည် လေးလအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး စနေနေ့က ဘဲလ်ဂရိတ်တွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာ စုဝေးခဲ့ကြသည်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ဆန္ဒပြသူများက သမ္မတ အလက်ဇန်ဒါဗူဆစ်၏ မီဒီယာထိန်းချုပ်မှုကို အဆုံးသတ်ရန်နှင့် နိုင်ငံတွင်း မီဒီယာ လွတ်လပ်ခွင့်ပိုမိုရရှိရန် တောင်းဆိုလျက်ရှိသည်။
မြို့တော်ဘဲလ်ဂရိတ်တွင် ပြုလုပ်သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် ဒီဇင်ဘာလ ၈ ရက်မှစတင်၍ အပတ်စဉ်စုဝေးခဲ့ကြပြီး ပုံမှန်အားဖြင့် လူ ၁၀,ဝ၀၀ ခန့် ပါဝင်ဆင်နွှဲလေ့ရှိသည်။ သို့ရာတွင် ဆန္ဒပြပွဲများသည် ဘဲလ်ဂရိတ်တွင်သာမကဘဲ နိုင်ငံတစ်လွှား အခြားမြို့ကြီးနှစ်ဆယ်ခန့်နှင့် မြို့ငယ်များတွင်လည်း ဖြစ်ပေါ်နေသည်။
စနေနေ့က ဆန္ဒပြသူများသည် ဘဲလ်ဂရိတ်မြို့လယ်ရှိ နိုင်ငံပိုင်ရုပ်သံဌာန အဆောက်အအုံကို အပြင်ဘက်မှ ဝိုင်းထားကာ ရုပ်သံဌာန၏ ဘက်လိုက်သတင်း ထုတ်ပြန်မှုများအပေါ် မကျေနပ်မှုကို ထုတ်ဖော်ကန့်ကွက်ခဲ့ကြပြီး လှောင်ပြောင်ရှုတ်ချခဲ့ကြသည်။ ဆန္ဒပြလူအုပ်သည် RTS ရုပ်သံရုံးချုပ် အဝင်ဂိတ်ကိုလည်း တစ်နာရီခန့် ပိတ်ဆို့ထားခဲ့ကြသည်ဟု သိရှိရသည်။
ဆားဘီးယားဆန္ဒပြသူများက သမ္မတဗူဆစ်၏ မီဒီယာအပေါ် ချုပ်ကိုင်မှုများ အဆုံးသတ်ရေးကို အဓိက တောင်းဆိုနေကြသည်။ ဗူဆစ်အစိုးရသည် ဒီမိုကရေစီ လွတ်လပ်ခွင့်များကို ချုပ်ချယ်ရုံသာမကဘဲ အမုန်းစကားများနှင့် သွေးခွဲသည့် အယူအဆများကိုလည်း မြှောက်ထိုးပင့်ကော် အားပေးနေသည်ဟု အတိုက်အခံများက စွပ်စွဲထားသည်။
ယခင်က အမျိုးသားရေးဝါဒီတစ်ဦးဖြစ်ခဲ့သူ သမ္မတဗူဆစ်ကမူ ၎င်းအပေါ် စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ပြီး ၎င်းအနေနှင့် အီးယူသို့ ဆားဘီးယားနိုင်ငံ ဝင်ရောက်ရေးကို ဦးဆောင်လိုသည်ဟု ပြောဆိုခဲ့သည်။
နိုဝင်ဘာလကုန်ပိုင်းက အတိုက်အခံ နိုင်ငံရေးသမား ဘော်ကို စတီဖင်နိုဗစ်ကို တိုက်ခိုက်စော်ကားမှုကြောင့် သမ္မတဗူဆစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အစပိုင်းတွင် “သွေးစွန်းသောအင်္ကျီများ ရပ်တန့်ကြ”ဟု အမည်ပေးထားသော ဆန္ဒပြလှုပ်ရှားမှုသည် အစောပိုင်း ဆန္ဒပြပွဲများအပြီးတွင် ဗူဆစ်က “ခင်ဗျားတို့ အရေအတွက် ငါးသန်းလောက်ရှိတယ်ပဲထားဦး။ ခင်ဗျားတို့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတစ်ခုကိုတောင် ကျုပ်က လက်ခံလိုက်လျောမှာမဟုတ်ဘူး”ဟု ပြောဆိုခဲ့ခြင်းကို အကြောင်းပြု၍ “ငါးသန်းထဲကတစ်ဦး” ဆန္ဒပြလှုပ်ရှားမှုအဖြစ် မကြာသေးမီက အမည်ပြောင်းခဲ့သည်။
The Voice







0 comments:
Post a Comment