Sunday, March 10, 2019

နိုင်ငံခြားသားများအပါအဝင် အကြမ်းဖက်သမားဟုယူဆရသူ ၉ ဦး မလေးရှားတွင်ဖမ်းမိ၍ လုံခြုံရေးတပ်လှန့်



အကြမ်းဖက်သမားဟု ယူဆရသူ ၉ ဦး ဖမ်းမိပြီးနောက် မလေးရှားနိုင်ငံအတွင်း စိမ့်ဝင်လျက်ရှိသော နိုင်ငံခြားအကြမ်းဖက် တိုက်ခိုက်ရေးသမားများ ရှိနေသည့်အတွက် မလေးရှားရဲက လုံခြုံရေးတပ်လှန့်ထားသည်ဟု CNA သတင်းက ဖော်ပြထားသည်။ 


၎င်းတို့ တည်ရှိနေခြင်းကို မလေးရှားတပ်ဖွဲ့က အလေးအနက်ထားစောင့်ကြည့်နေပြီး နိုင်ငံခြားထောက်လှမ်းရေး အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ရဲမှူးမော့ဒ်ဖူဇီဟာရွန်က ပြောကြားသည်။ 



ကလန်တောင်ကြားဒေသနှင့် ဆာရာဝပ်တို့တွင် ဖမ်းမိထားသောအဆိုပါ အကြမ်းဖက်တရားခံများတွင် အီဂျစ်ခြောက်ဦးနှင့် တူနီးရှားတစ်ဦးတို့ပါဝင်သည်။ 



အသက် ၂၁ နှစ်အရွယ် အီဂျစ်နိုင်ငံသားနှင့် ၂၂ နှစ်အရွယ် တူနီးရှားသားတို့သည် အန်ဆာအယ်ရှာရီရာအကြမ်းဖက် အဖွဲ့ဝင်များဖြစ်ကြပြီး ဆီးရီးယားစာရွက် စာတမ်းအတုများဖြင့် မလေးရှားသို့ ဝင်ရောက်လာကြခြင်းဖြစ်သည်။ 



အထက်ပါအဖွဲ့အစည်းသည် ကုလသမဂ္ဂက သတ်မှတ်ထားသောအကြမ်းဖက် အဖွဲ့အစည်းအတွင်း တစ်ဖွဲ့အပါအဝင်ဖြစ်ပြီး တူနီးရှားတွင် အခြေစိုက်ကာ ပြည်ပနိုင်ငံများတွင်လည်း တိုက်ခိုက်ကြသည်။ 



အကြမ်းဖက်တိုက်ဖျက်ရေးရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသော သတင်းအချက်အလက်များအရ အခြားအီဂျစ်ငါးဦးမှာ မွတ်ဆလင် ညီနောင်များအဖွဲ့အစည်း၏ အဖွဲ့ဝင်များဖြစ်ကာ ၎င်းတို့ရဲဘော်များခရီးသွားလာရေး စီစဉ်ပေးသူများ ဖြစ်ကြသည်။ 



တရားခံနှစ်ဦးသည် မလေးရှားနိုင်ငံတွင် ကျောင်းလာတက်နေကြသူများဖြစ်ကာ ဆရာနှစ်ဦးလည်းပါဝင်ပြီး ကလန်တောင်ကြားဒေသ ဘာသာရေးကျောင်းတစ်ခုတွင် အာရဗီသင်ကြားသူအဖြစ် လုပ်ကိုင်နေသည်။ 



မလေးရှားနိုင်ငံသား၂ ဦးလည်း အဖမ်းဆီးခံရသည့် စာရင်းတွင် ပါဝင်ပြီး နိုင်ငံခြား တိုက်ခိုက်ရေးသမားများအတွက် စီစဉ်ကြသူများဖြစ်ကြသည်။

The Voice

0 comments:

Post a Comment