Monday, March 11, 2019

တစ်နိုင်ငံလုံးရှိ အချုပ်ခန်းများနှင့် အကျဉ်းထောင်များ၏အခြေအနေသည် လိုချင်သည့်အဆင့်အထိ မရောက်ရှိသေးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား


တစ်နိုင်ငံလုံးတွင်ရှိသည့် အချုပ်ခန်းများနှင့် အကျဉ်းထောင်များ လုံလောက်ဖို့အရေးသည် ပိုက်ဆံနှင့်ဆိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးအနေဖြင့် အဆိုပါကိစ္စများနှင့်ပတ်သက်၍ တစ်ချိန်လုံး ပိုက်ဆံရရှိရေးအတွက် ကြိုးစားနေကြောင်း အချုပ်ခန်းများနှင့်အကျဉ်းထောင်များ၏ အခြေအနေသည် လိုချင်သည့်အဆင့်ထိ မရောက်သေးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တော်ခန်းမ၌ မတ် ၈ရက် နံနက်ပိုင်းက မုံရွာလူထုနှင့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“အချုပ်သားတွေကော အကျဉ်းထောင်တွေကော အကျဉ်းသားတွေနဲ့ အချုပ်သားတွေနဲ့ စာလို့ရှိရင် မလုံလောက်ဘူးဆိုတာ ကျွန်မတို့လည်း ထောက်ခံပါတယ်။ မုံရွာတစ်ခုတည်း မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာ အကျဉ်းထောင်တွေရဲ့ အခြေအနေ အချုပ်ခန်းတွေရဲ့ အခြေအနေဟာ ကျွန်မတို့လိုချင်တဲ့ အဆင့်ကို မရောက်သေးပါဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့တော့ တိုးတက်လာမယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။ 

ထို့အပြင် ဘတ်ဂျက်ကို တစ်နိုင်ငံလုံးအတွက် သုံးစွဲရခြင်းဖြစ်ကြောင်း အချုပ်ခန်းများနှင့် အကျဉ်းထောင်များအတွက် ဦးစားမပေးတာမျိုး မဟုတ်ကြောင်း၊ သို့သော်ဦးစားပေးသည့် အထဲမှ တစ်ခုဖြစ်ကြောင်း အခြားဦးစားပေးခြင်းများလည်းရှိကြောင်း ၎င်းကပြောကြားသည်။ 

အကျဉ်းသားများ၏ ရိက္ခာများနှင့်ပတ်သက်၍ တိုးတက်မှုရှိနေကြောင်း ယခင်က ထက်စာလျှင် အကျဉ်းထောင်များထဲ၌ စားသောက်ရေးမှာ ပိုမို၍ အဆင်ပြေလာကြောင်း အချုပ်ခန်းများနှင့်ပတ်သက်၍ လုံလောက်မှုမရှိခြင်းကိုလည်း လက်ခံကြောင်း၊ အချုပ်ခန်းများ မလုံလောက်သည့်အခါတွင် အချုပ်ခန်းများသည် မသန့်ရှင်းကြောင်း ယင်းအပေါ်မှာ မငြင်းလိုကြောင်း၊ အဆိုပါကိစ္စရပ်များကို အမြန်ဆုံး အဆင်ပြေအောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 

အချုပ်ခန်းများနှင့် အကျဉ်းထောင်များ လိုအပ်နေသည့် ကိစ္စများကို လုပ်ဆောင်ပေးသည့်နေရာ၌ ဘယ်တော့လုပ်ပေးမလဲဆိုတာ ကတိမပေးနိုင်ကြောင်း ဘတ်ဂျက်ရလျှင် အမြန်ဆုံး လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 



Eleven Media Group 

0 comments:

Post a Comment