ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် မတ်လ ၁၀ ရက်နေ့ည ၈ နာရီ အချိန်ခန့်က အမည်မသိ လက်နက်ကိုင်သူများက သေနတ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေနတ်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူသည် ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာ၊ ရပ်ကွက် (၁)နေ အဘဦးခင်မောင်သန်း၏ သားဖြစ်သူ အသက် (၃၅) နှစ်ရှိ သန်းဇော်ထွေး (ခ) အိုက်ပီးဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ညာဖက်ရင်အုံအောက် ဖောက်ထွက်ဒဏ်ရာ တစ်ချက်၊ ညာဖက်ရင်ညွန့် ဖောက်ထွက်ဒဏ်ရာ တစ်ချက်နှင့် ညာဘက် ဝမ်းဗိုက်အောက် ဖောက်ထွက်ဒဏ်ရာ တစ်ချက် ရရှိကာ ည ၈ နာရီ ၁၀ မိနစ်တွင် သေဆုံးသွားကြောင်း သိရသည်။
“ဖြစ်စဉ်ဖြစ်ပွားတဲ့ ညကတော့ ဈေးဖိတ်နေ့ပေါ့။ ဖြစ်တဲ့နေရာကလည်း ဈေးနဲ့နီးတယ်လေ။ မနက်ဖြန် ဈေးနေ့အတွက် ဈေးလာရောင်းတဲ့ ဈေးပတ်ရောင်းတဲ့ ဈေးသည်တွေလည်း နောင်ပိန်ဈေးကို ရောက်နေကြတာပေါ့။ ဖြစ်စဉ်မဖြစ်ခင်ကတော့ ရွာထဲမှာ အသွားအလာ စည်ကားနေတာပေါ့။ ဖြစ်စဉ်ဖြစ်ပြီးတဲ့ အချိန်မှာတော့ ရွာထဲမှာ အသွားအလာ မရှိသလောက်ကို ဖြစ်သွားတယ်။ ဒီနေ့ ဈေးနေ့မှာတော့ ပုံမှန်အတိုင်း ပြန်စည်ကား နေပါတယ်” ဟု နောင်ပိန်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောကြားသည်။
သေနတ်ဖြင့် လာရောက်ပစ်ခတ်မှုမှာ လူသုံးဦးမှ မော်တော်ဆိုင်ကယ် နှစ်စီးဖြင့် လာရောက်ပြီး ဆိုင်ကယ်တစ်စီးတည်း စီးနင်းလာသည့် လူနှစ်ဦးက အိမ်အတွင်းသို့ ဝင်ရောက်ကာ သန်းဇော်ထွေး (ခ) အိုက်ပီးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားလျှက်ရှိနေပြီး ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ နမ္မတူမြို့နယ်တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက် ရှိနေသောကြောင့် စစ်ဘေးရှောင်များ သီပေါမြို့၊ နမ့်လန်မြို့နှင့် ကျောက်မဲမြို့များတွင် ဒေသခံများက စစ်ဘေးရှောင်လျက် ရှိနေကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment