Thursday, March 14, 2019

ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များအား လာမည့်လ၌ လူမနေသည့်ကျွန်းသို့ ရွှေ့ပြောင်းမည်

သောင်းနှင့်ချီသည့် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များကို လူကျပ်ညပ်နေသည့် စခန်းများမှနေ၍ ပြင်းထန်သည့်ရာသီဥတုဒဏ် ခံရနိုင်သော ဝေးလံသီခေါင်သည့်အရပ်မှ ကျွန်းတစ်ကျွန်းသို့ လာမည့်လအတွင်း စတင်နေရာချထားတော့မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ယင်းအစီအစဉ်နှင့်ပတ်သက်၍ စဉ်းစားချင့်ချိန်မှုရှိသော အငြင်းပွားမှုများ ဖြစ် ပေါ်နေသော်လည်း ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၀၆ ခုနှစ်ကမှ ဘင်္ဂလားပင်လယ် အော်အတွင်းမှ ပေါ်ထွက်လာသည့် ရွှံ့နွံထူထပ်သည့် ဘာရှန်ချားကျွန်းပေါ်တွင် နေအိမ်များနှင့် ရေကာနံရံများကို တည်ဆောက်ထားပြီး ဘင်္ဂါလီမွတ်စလင်ဒုက္ခသည် ၁၀၀,၀၀၀ ကို နေရာပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အဆိုပါကျွန်း နှင့်ပတ်သက်၍ ပြောဆိုလာခဲ့သည်မှာ နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်သော်လည်း မြန်မာ နှင့် နယ်စပ်တစ်လျှောက်၌ နေထိုင်လျက်ရှိသော တစ်သန်းနီးပါးရှိသည့် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များထဲမှ အချို့ကို ပြန်လည်နေရာချထားရန် ယင်းအစီအစဉ်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရသည်။

ယင်းအစီအစဉ်သည် ဘင်္ဂါလီမွတ်စလင် အသိုင်းအဝိုင်းအကြား၌ လူကြိုက်နည်း နေဆဲဖြစ်ပြီး ဝေဖန်သူများက မုတ်သုံရာသီအတွင်း အဆိုပါကျွန်းအနေဖြင့် ပြင်းထန်သည့် မုန်တိုင်းများဒဏ် ခံနိုင်ရည်နှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိသည်။

အစိုးရအဖွဲ့ ဥပဒေနှင့် အမိန့်အာဏာ ထိန်းသိမ်းရေးကော်မတီအကြီးအကဲနှင့် အကြီးတန်းအစိုးရဝန်ကြီးတစ်ဦးဖြစ်သူ မိုဇမ်မယ်ဟက်က ပြန်လည်နေရာချထားရေးကို စီစဉ်ထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။

“ဘာရှန်ချားကျွန်းပေါ်မှာ အခုတည်ဆောက်မှုတွေ ပြီးစီးနေပါပြီ။ လာမယ့်လအတွင်း လုပ်ငန်းစဉ်ကို စတင်ဖို့ စီစဉ်ထားပါတယ်” ဟု ဟက်က ပြောကြားခဲ့သည်။

ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်စခန်း အများအပြားတည်ရှိရာ ကော့ဘဇားခရိုင်၏ အုပ်ချုပ်ရေးမှူး ကာမယ်ဟို့စိန်က ၎င်းတို့သည် အဆိုပါကျွန်းသို့ မိမိသဘောဆန္ဒအလျောက် သွားရောက်မည့် ဒုက္ခသည်များစာရင်းကို ပြင်ဆင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါကျွန်းသည် အနီးဆုံးကုန်းမြေမှနေ၍ ရေယာဉ်ဖြင့် တစ်နာရီကြာသွားရပြီး ကျွမ်းကျင်သူများက မုန်တိုင်းပြင်းထန်စဉ်အတွင်း ရေလွှမ်းမိုးမှု ဖြစ်ပွားနိုင်သောကြောင့် အဆိုပါကျွန်းပေါ်တွင် ဒုက္ခသည်များကို နေရာချထားခြင်းသည် အန္တရာယ်ကြီးမားလွန်းကြောင်း ဝေဖန်ကြသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းများကြောင့် သေဆုံးသူအရေအတွက် သိန်းနှင့်ချီလျက်ရှိပြီး အများစုသည် ကမ်းရိုးတန်းဒေသများ၌ နေထိုင်သူများဖြစ်ကြသည်။

ဒေသခံအာဏာပိုင်များက ကျွန်းစုပတ် ချာလည်၌ သုံးမီတာ (ကိုးပေ) အမြင့်ရှိသည့် တံတိုင်းများ တည်ဆောက်ထားမှုကို ထောက် ပြလျက် ဆိုင်ကလုန်းမုန်တိုင်း ကျရောက်စဉ် အတွင်း ဒီရေမြင့်တက်မှုများကို ၎င်းင်းတို့က ကာကွယ်ပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သို့သော် ဇန်နဝါရီလတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းပညာရှင်တစ်ဦးက ယင်းနေရာသို့ ဒုက္ခသည်များကို ရွှေ့ပြောင်းခြင်းသည် နှိပ်ကွပ်ခံရသော မွတ်စလင်လူနည်းစုအတွက် နောက်ထပ်အကျပ် အတည်းအသစ်တစ်ရပ်ကို ဖြစ်စေနိုင်သည်ဟု သတိပေးခဲ့သည်။

ဟက်ကမူ ကုလသမဂ္ဂအနေဖြင့် ဘင်္ဂါလီမွတ်စလင်များ၏ ကောင်းကျိုးချမ်းသာအပေါ်သာ အာရုံစိုက်သင့်ကြောင်း ပြောကြားခဲ့သည်။ သူက “ဒုက္ခသည်တွေကို ဘယ်မှာထားမလဲ ဆုံးဖြတ်ဖို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပဲ ဆိုင်ပါတယ်” ဟု ဆိုသည်။

ဒုက္ခသည်များကို ကော့ဘဇားရှိ အကြီးဆုံးဒုက္ခသည်စခန်း၌ ထိုးသိပ်ထည့်ထားခြင်းသည် မြေပြိုကျမှု၊ ရောဂါပြန့်ပွားမှုနှင့် ရေလွှမ်းမိုးမှု အန္တရာယ်များ ရှိနေကြောင်း အကူအညီပေးရေးအဖွဲ့များက သတိပေးခဲ့ကြသည်။

မတ် ၁၂ ရက်က ဘင်္ဂလားဒေ့ရှ်အစိုးရ အာဏာပိုင်များနှင့် ကော့ဘဇား၌ တွေ့ဆုံခဲ့ သော အမေရိကန်သံအမတ်ကြီး အားမီလာက အဆိုပါကျွန်းပေါ်၌ ပြန်လည်နေရာချ ထားခြင်းနှင့်ပတ်သက်၍ ပိုမိုလေ့လာရဦးမည်ဟု ပြောကြားခဲ့သည်။

“ကျွန်းကို ရွှေ့ပြောင်းမှုမှန်သမျှဟာ အသိပေးပြီး သဘောတူညီချက်ရယူမှုအပေါ် အခြေခံလို့ မိမိသဘောဆန္ဒအလျောက် အပြည့်အဝဖြစ်တယ်ဆိုတာနဲ့ သွားဖို့ရွေးချယ်တဲ့ သူတွေအနေနဲ့ ကော့ဘဇားက ကျန်တဲ့ရိုဟင် ဂျာအသိုင်းအဝိုင်းတွေနဲ့ ဆက်ပြီးအဆက်အသွယ်ရှိဖို့ ကျွန်းကနေ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်ဆိုတာတွေကို အာမခံမှုတွေကိုတော့ ကြိုဆိုပါတယ်” ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားထားသည်။   

Ref ; AFP
Eleven Media Group

0 comments:

Post a Comment