ပြည်ပမှ မော်တော်ယာဉ်အသစ်များ၏ အပိုပစ္စည်းများ (Spare Parts) တင်သွင်းရာတွင် လိုအပ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လိုင်စင်မှာ ယခုအခါမလိုအပ်တော့ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်သည်။
ယင်းသို့ ဖြေလျှော့ပေးခြင်းသည် အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းများတွင် စစ်ထုတ်လုပ်ဆောင်နိုင်သည့်အတွက် အချိန်နှင့် ငွေကြေးပိုမိုလျော့နည်းသက်သာလာမည်ဖြစ်ပြီး ယခင်ကထက် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စီးပွား/ကူးသန်း ဝန်ကြီးဌာန၏လိုင်စင် မလိုအပ်သော်လည်း ကြိုတင်စစ်ဆေးမှု ကင်းလွတ်ခွင့်ရနိုင်ရန်အတွက် တင်သွင်းပစ္စည်းများသည် Car Spare Parts Brand New များသာဖြစ်ခြင်း၊ သွင်းကုန်ကြေညာလွှာတွင် ဖော်ပြထားသည့်အတိုင်း တင်သွင်းသည့်ကုန်ပစ္စည်းများနှင့် HS Code များ ကိုက်ညီမရမည့် အချက်များအပါအဝင် သတ်မှတ်ထားသည့် အချက် ၉ နှင့် ကိုက်ညီမှသာ ရရှိနိုင်မည်ဖြစ်သည်။
“အခုလိုလုပ်လိုက်တာ ကောင်းပါတယ်။ အဆင့်တွေအများကြီး မလုပ်ရတော့ဘူးပေါ့”ဟု မော်တော်ယာဉ်တင်သွင်း ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။
ယခင်က ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်အစိတ်အပိုင်းပစ္စည်းများကို ဆိပ်ကမ်းတွင် ဖွင့်ဖောက်စစ်ဆေးပြီး ပြန်လည်ထုပ်ပိုးရာတွင် ပစ္စည်းများပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ ယခုအခါ ယင်းပြဿနာများလည်း လျော့နည်းမည်ဖြစ်ကာ လုပ်ငန်းများလည်း မြန်မြန်ဆန်ဆန် ပြီးစီးနိုင်ကြောင်း ၎င်းက ပြောဆိုသည်။
ယင်းအချက်များ ပြည့်စုံပါက ကြေညာလွှာတင်သွင်းသူများအနေနှင့် Brand New Car Spare Parts များ တင်သွင်းလာပါက ကြိုတင်စစ်ဆေးရန် မလိုအပ်တော့ဘဲ Import Declaration များ၏ Category of Cargo နေရာတွင် ‘O : Imports of goods to be cleared under SCA Section 29’ အား ရွေးချယ်ရန်မလိုဘဲ ကြေညာလွှာတင်သွင်းနိုင်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။
The Voice






0 comments:
Post a Comment