Tuesday, March 12, 2019

ထရီဇာမေ၏ EU နှင့်ဆွေးနွေးထားသော Brexit သဘောတူညီချက်ကို ဗြိတိန်အမတ်များ မဲပေးအတည်ပြုရတော့မည်


အကျေအလည်ဆွေးနွေးကာ EU နှင့် Brexit သဘောတူညီချက် ရရှိထားသော ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ၏ အစီအစဉ်ကို ပါလီမန်အမတ်များက မဲပေးကာ အတည်ပြုမပြု ဆုံးဖြတ်ရတော့မည် ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ 


လေဘာအမတ်များက ဝန်ကြီးချုပ်သည် မည်သည့်အရာကိုမှ တိကျသေချာစွာ အာမခံချက်ရအောင် EU နှင့် ညှိနှိုင်းနိုင်ခြင်း မရှိသည့်အတွက် ဆန့်ကျင်မဲပေးသွားမည်ဟု ဆိုထားသည်။ 



ပြီးခဲ့သည့် ဇန်နဝါရီလက ထရီဇာမေ၏ ညှိနှိုင်းလာမှုရလဒ်ကို ပါလီမန်တွင် မဲခွဲခဲ့ရာ ပါလီမန်က ဆန့်ကျင်မဲပေးကာ လက်မခံသည့်ဘက်က အနိုင်ရသွားခဲ့သည်။ 



အင်္ဂါနေ့တွင် ထရီဇာမေ၏ သဘောတူညီချက်ကို ပါလီမန်အမတ်များက လက်ခံ၊ မခံ ဆွေးနွေးကြမည်ဖြစ်သည်။ 



ဆွေးနွေးမဲပေးခြင်းရလဒ်က လက်မခံနိုင်ကြောင်းဖြစ်ခဲ့လျှင် EU နှင့် သဘောတူညီမှု တရားဝင် ဘာမှမလုပ်တော့ဘဲ ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်၊ မထွက် ကိစ္စကို ဗုဒ္ဓဟူးနေ့တွင် ထပ်မံမဲပေးကြမည်ဖြစ်သည်။ 



ထိုအခါ၌ပင် သဘောတူညီမှု တစ်ခုခုမရခဲ့ပါလျှင် EU မှ ဗြိတိန်ထွက်ခွာမည့် ကိစ္စအပေါ် ဆိုင်းငံ့ထားမလား၊ မထားဘူးလားဆိုသည်ကို ကြာသပတေးနေ့တွင် မဲပေးကြဦးမည်ဖြစ်သည်။  



အကယ်၍ ဗြိတိန်ထွက်ခွာမည့် Brexit အစီအစဉ်ကို ဆိုင်းငံ့ထားရန်ကိစ္စ ဖြစ်လာခဲ့ပါလျှင် EU နှင့် သက်တမ်းတိုးရန် ကိစ္စကို ညှိနှိုင်းရမည်ဖြစ်သည်။ 



ထို့ကြောင့် ထရီဇာမေတစ်ယောက် ၂ နှစ်ခန့် အချိန်ယူညှိနှိုင်းထားရသော ရလဒ်ကို (ဗြိတိန်စံတော်ချိန်) အင်္ဂါနေ့ ညနေပိုင်းလောက်အချိန်တွင် မဲခွဲအတည်ပြုကြမည်ဖြစ်သည်။ 



အဆိုပါအစီအစဉ်တွင် အတည်ပြုမှု တစ်စုံတစ်ရာမရရှိပါက ဗြိတိန်သည် ဥရောပဘက်နှင့် သဘောတူညီမှု တစ်စုံတစ်ရာ မရဘဲ EU မှ ဒီအတိုင်းထွက်သွားခြင်းလည်း ဖြစ်နိုင်သည်။ 



ယင်းသို့ မဲပေးဆုံးဖြတ်မှုမျိုး ပါလီမန်တွင် တစ်ကြိမ်လုပ်ခဲ့ပြီး ပါလီမန်အမတ်များက ထရီဇာမေ၏ရလဒ်များကို ပယ်ချခဲ့ကြသည်။ 

The Voice

0 comments:

Post a Comment