Tuesday, March 5, 2019

၂၀၁၉ ခုနှစ် စစ်ရေးအသုံးစရိတ်အတွက် ကန်ဒေါ်လာ ၁၇၇.၆ ဘီလျံဖိုး တရုတ် သုံးစွဲမည်


တရုတ်နိုင်ငံဟာ ၂၀၁၉ ခုနှစ်အတွက် စစ်ရေးအသုံးစရိတ်ကို ၇.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမယ်လို့ ထုတ်ပြန်ကြေညာခဲ့ရာ ၄င်းဟာ ၂၀၁၈ ခုနှစ်ထက်တော့ အနည်းငယ်လျော့သွားတာကို တွေ့ရပါတယ်။ တရုတ်အစိုးရဟာ စစ်သား ၂ သန်းကို နောက်ဆုံးပေါ်လက်နက်များ တပ်ဆင်ပေးရေးအတွက် ငွေအမြောက်အမြားသုံးနေပါတယ်။ 
ထို့အတွက် ၂၀၁၉ ခုနှစ်မှာ သုံးစွဲမယ့်ဘတ်ဂျက်ကို ယွမ် ၁.၁၉ ထရီလျံ (ကန်ဒေါ်လာ ၁၇၇.၆ ဘီလျံ) အဖြစ် လျာထားခဲ့ပါတယ်။ ၂၀၁၈ မှာ သုံးစွဲခဲ့တဲ့ပမာဏဟာ ယွမ် ၁.၁၁ ထရီလျံရှိပြီး ထိုစဉ်က တိုးမြှင့်သုံးစွဲနှုန်းမှာ ၈.၁ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ကမ္ဘာမှာ တရုတ်ဟာ အမေရိကန်ပြီးရင် ဒုတိယမြောက် စစ်ရေးအသုံးစရိတ်အကြီးဆုံး တိုင်းပြည်ဖြစ်ပေမယ့် သုံးစွဲမှုချင်း အလွန်ကွာဟနေပါတယ်။ အမေရိကန်ဟာ ၂၀၁၉ ခုနှစ်အတွက် စစ်ရေးအသုံးစရိတ်ကို ထုတ်ပြန်ခဲ့ရာ ကန်ဒေါ်လာ ၇၁၆ ဘီလျံအထိ သုံးစွဲမှာကို တွေ့ခဲ့ရပါတယ်။ 

တရုတ်စစ်ရေးအသုံးစရိတ်တိုးနှုန်း ဆယ်ဂဏန်းမပြည့်တာဟာ ၂၀၁၅ ခုနှစ်ကတည်းကဖြစ်ပြီး စီးပွားရေးနှေးကွေးလေးလံလာတဲ့အတွက် ပိုလို့တောင် လျော့နည်းသွားခဲ့ပါတယ်။ အမေရိကန်၊ အနောက်ဥရောပတိုင်းပြည်တွေနဲ့အပြိုင် ခေတ်မီလက်နက်တပ်ဆင်လိုတဲ့ တရုတ်စစ်တပ်ဟာ အမြဲတမ်းစစ်သားဦးရေကို ၂ သန်းအထိ လျှော့ချခဲ့သည့်တိုင် ကမ္ဘာ့စစ်သားဦးရေအများဆုံးတိုင်းပြည် ဖြစ်နေဆဲပါပဲ။ အရေအတွက်များတဲ့အတွက် စစ်တပ်ကို ပရော်ရှင်နယ်ကျကျဖွဲ့စည်းထားဖို့နဲ့ တိုက်ပွဲဝင်ရန်အသင့်ဖြစ်အောင် လေ့ကျင့်ပေးဖို့တွေမှာ ပိုကုန်ကျပါတယ်။ တရုတ်စစ်အသုံးစရိတ်ဟာ အမေရိကန်နဲ့ယှဉ်ရင် အပြတ်အသတ်နည်းနေပေမယ့် တတိယအများဆုံးဖြစ်တဲ့ ဆော်ဒီရဲ့ ကန်ဒေါ်လာ ၈၂.၉ ဘီလျံထက်တော့ ၂ ဆကျော် များနေပါသေးတယ်။ 

ZHO (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment