Monday, March 11, 2019

ဗင်နီဇွဲလားနိုင်ငံမှာ လျှပ်စစ်မီးတွေ ပြတ်တောက်တာ ငါးရက်မြောက် ရောက်လာချိန် အကြီးစား ဆန္ဒပြမှုကြီး ဆင်နွှဲဖို့ အတိုက်အခံ ခေါင်းဆောင် ဆော်သြ


ဗင်နီဇွဲလားနိုင်ငံမှာ လျှပ်စစ်မီးတွေ အကြီးအကျယ် ပြတ်တောက်နေတာ ငါးရက်မြောက် ရောက်လာပြီးနောက်မှာတော့ အတိုက်အခံခေါင်းဆောင် ဂွါဒိုဟာ အကြီးစားဆန္ဒပြမှုကြီး ဆင်နွှဲဖို့ ဆော်သြလိုက်ပါတယ်။ 
“မနက်ဖြန် နေ့လယ် သုံးနာရီမှာ စကြပါမယ်။ ဗင်နီဇွဲလားပြည်သူတိုင်း လမ်းတွေပေါ်ထွက်ပြီး သမ္မတ နီကိုလပ်စ်မာဒူရို ဆန့်ကျင်ကြပါစို့။”လို့ ဂွါဒိုက ၎င်းဦးဆောင်ရာ အမျိုးသားလွှတ်တော် မိန့်ခွန်းပြောဆိုမှုမှာ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ 

ဒါအပြင်လည်း ဂွါဒိုဟာ နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာဖို့ ပန်ကြားတာကို လွှတ်တော်ကလည်း လက်ခံလိုက်ပါတယ်။ ဒီလို အရေးပေါ်အခြေအနေ ကြေညာတာကြောင့် နိုင်ငံထဲက နိုင်ငံခြားအကူအညီတွေ ဝင်ရောက်ခွင့် ရမှာ ဖြစ်ပါတယ်။ 

ဗင်နီဇွဲလားရဲ့ နယ်စပ်တွေ ဖြစ်တဲ့ ကိုလံဘီယာနဲ့ ဘရာဇီးနိုင်ငံနယ်စပ်တွေမှာ နိုင်ငံခြားရေးလူသားချင်းစာနာထောက်ထားရေး အကူအညီတွေ တန်ချိန် ၂၅၀ ရောက်ရှိနေပြီး မာဒူရိုအစိုးရက ဝင်ခွင့်မပြုတာကြောင့် စုပုံနေတာ ဖြစ်ပါတယ်။ 

စီးပွားရေး ခြွတ်ခြုံကျပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ဂွါဒိုက ၎င်းကိုယ်ကို ကြားဖြတ်သမ္မတအဖြစ် ကြေညာထားပြီး နိုင်ငံပေါင်း ၅၀ ကျော်က အသိအမှတ်ပြုထားပါတယ်။ 

အင်္ဂါနေ့မှာ ပြုလုပ်မယ့် ဆန္ဒပြပွဲကြီးကို တားဆီးပိတ်ပင်တာ၊ နှိမ်နင်းတာတွေ မလုပ်ဆောင်ဖို့ ဂွါဒိုက စစ်တပ်နဲ့ လုံခြုံရေးတပ်တွေကို တောင်းဆိုတိုက်တွန်းထားပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment