Monday, March 11, 2019

ရန်ကုန်မှာ အလုပ်လာကြသည့်ရခိုင်လူငယ်များ နေရပ်ပြန်မှုများပြားနေ


ရန်ကုန်တွင် အလုပ်လာလုပ်ကြသည့် ရခိုင်လူငယ်များ နေရပ်ပြန်မှုများပြားနေကြောင်း သတင်းရရှိသည်။ 
အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လိုင်သာယာ၊ ရွှေပြည်သာ စသည့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ် လာလုပ်ကြသည့် ရခိုင်လူငယ်များဖြစ်ကြကြောင်း၊ အများဆုံးပြန်နေကြသည်မှာ အမျိုးသမီးများ ဖြစ်ကြောင်း၊ ရခိုင်တွင် စစ်ဖြစ်နေ၍ မိဘများက ခေါ်ယူ၍ ပြန်နေကြခြင်း ဖြစ်ကြောင်း ပေါက်တောမြို့နယ် သ၀င်ချောင်းကျေးရွာမှ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးက ပြောသည်။ 
“ ကျွန်မနဲ့ အတူ ပြန်တာက လေးယောက်ဖြစ်ပါတယ်။ အကုန်လုံး သ၀င်ချောင်းရွာကပါ။ တစ်ခြားရွာတွေကလည်း ပြန်လာကြပါတယ်။ ရခိုင်မှာ စစ်ဖြစ်နေတယ်။ အဖေနဲ့ အမေက ပြန်လာပါဆိုတဲ့ အတွက် ပြန်လာကြတာပါ” ဟု ပြောကြားသည်။ 
အလားတူ ဘူးသီးတောင်မြို့နယ် ဒိုးဝေရွာက အသက် ၂၁ နှစ်အရွယ် မခင်ခင်ဝင်းကလည်း ရွာမှ အမျိုးသမီး ၈ ဦးနှင့် အတူ များမကြာမီက ရွာသို့ ပြန်လာခဲ့သည်ဟု ပြောကြားသည်။ 
“ ကျွန်မက လိုင်သာယာ စက်ရုံ တစ်ခုမှာ အလုပ် လုပ်ပါတယ်။ စက်ချုပ်ပါတယ်။ တစ်လ ၂ သိန်းခွဲ ရပါတယ်။ ရခိုင်မှာ စစ်ဖြစ်လို့ မတည်ငြိမ်ဖြစ်နေတဲ့ အတွက် ရန်ကုန်မှာလည်း အလားတူ ဖြစ်လာမှာကို မိဘတွေက စိုးရိမ်လို့ ပြန်ခေါ်တာကြောင့် အမျိုး သမီးငယ် ၈ ဦး အတူ ရွာကို ပြန်လာတာပါ။ စက်ရုံမှာ ကျန်နေသူတွေလည်း ရှိပါသေးတယ်။ ကျန်တာက အိမ်ထောင်သည်တွေများပါတယ်။ သူတို့လည်း မကြာခင် ပြန်မယ်လို့ ပြောကြပါတယ်” ဟု ပြောဆိုသည်။ 
လောလောဆယ်တွင် အိမ်တွင် အလုပ်မရှိသေးကြောင်း၊ မိဘများက အခြေအနေကောင်းမှ ရန်ကုန်သို့ ပြန်လွတ်မည်ဟု ထင်ကြောင်း၊ ရခိုင်တွင်လည်း ဟိုနေရာ တစ်ကွက်၊ ဒီနေရာ တစ်ကွက် တိုက်ပွဲများ ဖြစ်နေသဖြင့် အခြေအနေ မတည်မငြိမ် ဖြစ်နေကြောင်း မခင်ခင်ဝင်းက ပြောကြားသည်။ 
ရန်ကုန်ရှိ စက်ရုံများတွင် ရခိုင်ပြည်နယ်မှ လာ အလုပ်လုပ်ကြသည့် လူငယ်များမှာ အိမ်ကို ပြန်နေကြသဖြင့် ရခိုင်အလုပ်သမားများ နည်းပါးကုန်ပြီဟုလည်း ရွှေပြည်သာနေ စက်ရုံဝန်ထမ်း တစ်ဦးကလည်း နိရဉ္စရာသို့ ပြောသည်။ 
ထိုသို့ ပြန်နေကြသဖြင့် ရခိုင်ပြန် ကားလက်မှတ်များမှာ ရောင်းမလောက် ဖြစ်နေသည်ဟု ရခိုင်ကို ပြေးဆွဲနေသည့် အဝေးပြေး ကားဂိတ်များက ပြောသည်။ 
အောင်ပြည့်စုံ ကားဂိတ်က တာဝန်ရှိသူ ကိုဇော်နိုင်က “ ပြန်နေကြတယ်။ အမျိုးသမီးငယ် အများစု ပြန်နေကြတယ်။ စက်ရုံတွေမှာ လာအလုပ်ကြတဲ့ အမျိုးသမီးတွေ များပါတယ်။ အပ်ချုပ်စက်ကအစ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းလေးတွေကို ယူပြီး ပြန်နေကြတယ်။ တနေ့ကို ကားနှစ်စီး ရခိုင်ကို ပြေးဆွဲ နေတာတောင် မလောက်ဘူး။ အခု ရက်ပိုင်းအတွင်း ကားလက်မှတ်တွေ ရောင်းကုန်ပြီ” ဟု ပြောကြားသည်။ 
အလားတူ ရခိုင်ကို ပြေးဆွဲနေတဲ့ ကြံတိုင်းအောင် ကားဂိတ်ကို ဆက်သွယ်ကြည့်ရာ တာဝန်ရှိသူ တစ်ဦးက “တနေ့ကို ဘတ်စကား ၂ စီး ခရီးသည် ၉၀ စာ ကားလက်မှတ်တွေဟာ မတ်လ ၂၀ ရက်နေ့ အထိ ရောင်းကုန်နေပြီ။ သင်္ကြန်အတွက် အပြန်လက်မှတ်တွေကတော့ ဒီလ ၁၀ ရက်နေ့ကစပြီး လူတစ်ယောက် တစ်စောင်နှုန်းနဲ့ စရောင်းနေပါပြီ” ဟု ပြောကြားသည်။ 
အခုလို ရခိုင်ကို အစုလိုက် ပြန်ကြခြင်းမှာ ယခင်နှစ်က မရှိခဲ့သလို သင်္ကြန် ကာလမှာတောင် ယခုလောက် အိမ်မပြန်ကြဟု ၎င်းတို့က ပြောကြားသည်။ 
ရန်ကုန်မြို့တွင် ရခိုင်မှ အလုပ်လာလုပ်ကြသူ လူပေါင်း သိန်းနှင့် ချီ ရှိနေပြီး အများစုမှာ ပြန်နေကြသည်ဟု သတင်းရရှိသည်။ 

(ဓာတ်ပုံ- အင်တာနက်)
Narinjara 

0 comments:

Post a Comment