မတရားအကျဉ်းကျခံရသည်ဟု ပြောဆိုလာပါက ပြန်လည်စိစစ်ပြီး ပြစ်ဒဏ်လျှော့ပေါ့ခြင်း၊ လွတ်ငြိမ်းသက်သာခြင်းများ လုပ်ဆောင်ပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။
မတ်လ ၁၀ ရက်က နေပြည်တော် Man Myanmar ဟိုတယ်မှာ ပြုလုပ်သည့် လူ့အခွင့်အရေးနှင့် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး အလားအလာ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးဖြစ်ခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်ကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“အကျဉ်းသားစိစစ်လျှော့ချရေး ကော်မတီတွေဖွဲ့ဖို့ ကျွန်တော်တို့က အကြံပြုထားတာရှိပါတယ်။ ဒီကနေ့ အစည်းအဝေးမှာ ထူးခြားတာကတော့ ကျွန်တော်မတရားခံရတာပါလို့ ပြောတဲ့သူရှိလို့ရှိရင် သူ့ကို ကျွန်တော်တို့က ပြန်လည်စိစစ်တဲ့ကော်မရှင်တစ်ခု အဲဒါကိုဖွဲ့စည်းသင့်ပါတယ်လို့ တင်ပြတာရှိပါတယ်။ အဲဒါကို ကျွန်တော်တို့က ပြန်လည်စိစစ်ပြီးတော့ သူတို့ကို ပြစ်ဒဏ်လျှော့ပေါ့ဖို့ လွတ်ငြိမ်းသက်သာဖို့၊ နိုင်ငံတော်သမ္မတစီကို တင်ပြဖို့ အဲဒီလိုအဖွဲ့တွေကို ဖွဲ့ဖို့တော့ စလုပ်နေပါပြီ။ ပြီးခဲ့တဲ့နှစ်လောက်ကတည်းက တင်ပြထားတာရှိပါတယ်။ အဲဒီကိစ္စကိုကနိုင်ငံတော်သမ္မတကြီး ရဲ့အမိန့်နဲ့ ပြည်ထဲရေးက လုပ်ဆောင်နေပါ။ လုပ်ဖို့တော့စီစဉ်နေပြီး လုပ်တော့မလုပ်ရသေးပါဘူး” ဟု ဦးယုလွင်အောင်က ပြောကြားခဲ့သည်။
ထို့ပြင် မူးယစ်ဆေးဝါးပြဿနာ၌ မူးယစ်ဆေးဝါးအနည်းငယ်နှင့် ထောင်ဒဏ်နှစ်ရှည်ကျခြင်း၊ မိမိပစ္စည်းမဟုတ်ဘဲ မိမိအနားမှာတွေ့တာကြောင့် မတရားစွပ်စွဲပြီး ထောင်ဒဏ်ကျခံရခြင်းများရှိနေပြီး ယင်းကဲ့သို့ အကျဉ်းကျသူတွေကို စိစစ်လျော့ချလိုက်ပါက အကျဉ်းထောင်လူဦးရေ လျော့သွားနိုင်ကြောင်း ဦးယုလွင်အောင်က ဆက်လက်ပြောကြားခဲ့သည်။
ဦးယုလွင်အောင်က “မူးယစ်ဆေးဝါး ပြဿနာဟာ ထောင်မချလို့လဲမဖြစ်ဘူး၊ အရမ်းချလို့လဲ မဖြစ်ဘူးဆိုတဲ့ ပြဿနာကရှိ တာပေါ့။ တချို့ကျတော့ မူးယစ်ဆေးဝါးကို ငါးပြားအောက်ပေါ့။ တစ်ပြားနဲ့ ထောင်ဆယ်နှစ်ကျတာရှိတယ်။ နှစ်ပြားနဲ့ ထောင်ဆယ်နှစ် ကျတာရှိတယ်။ တချို့ကျတော့ ၀ ဒသမ ၀၀၂ ဂရမ်လောက်နဲ့လည်း ထောင် ၁၂နှစ် ကျတာတွေရှိတယ်၊ ဒါလေးတွေကို ပြန်ပြီးတော့ စဉ်းစားရမယ်။ သောင်းနဲ့သိန်းနဲ့ ကားနဲ့မိတဲ့ ဟာမျိုးဆိုရင်တော့ တစ်မျိုးပေါ့၊ ရာနဲ့ထောင်နဲ့ဆိုလည်း နည်းနည်းများများ ချလို့ကောင်းပါတယ်။ တစ်ပြားနှစ်ပြား တစ်မှုန်နှစ်မှုန်နဲ့ ထောင်ကျတာမျိုးကျတော့ တချို့ကျတော့လည်း ဘုမသိဘမသိနဲ့ ထောင်ကျတာရှိတယ်။ သူ့ပစ္စည်းလည်းမဟုတ်ဘူး၊ သူ့နားမှာတွေ့တာနဲ့ မင်းပဲဆိုပြီးတော့ ထောင်ကျတာရှိတယ်၊ ဒါမျိုးတွေကတော့ တော်တော်များများ တွေ့ရတယ်။ တချို့ကျတော့လည်း သူငယ်ချင်းရဲ့အထုပ်ကိုကိုကဆွဲမိရင်းနဲ့ အဲဒီအထုပ်ထဲမှာ ပါလာတာမျိုးလည်းရှိတယ်။ တချို့ကျတော့ ထမင်းဆိုင်တွေဘာတွေမှာ လာရောက်စားသုံးပြီးတော့ ရဲလာတာလဲမြင်ရော အိမ်သာထဲမှာသွားပြီး ဖွက်ထားရော ရဲကရှာတော့အိမ်သာထဲမှာတွေ့တော့ ထမင်းဆိုင်ပိုင်ရှင်ကို ထောင်ချတာမျိုးတွေရှိတယ်။ ဒီပြဿနာမျိုးတွေက မဖြစ်သင့်ဘူးလို့ မြင်တယ်။ အဲဒီလိုလူမျိုးတွေကို သေချာစိစစ်ပြီးတော့ လျှော့လိုက်မယ်ဆိုရင်လည်း တော်တော်လေးကို ထောင်ကလျော့သွားနိုင်တယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များရှိ အကျဉ်းသားရာခိုင်နှုန်း ၅၀ ကျော်သည် မူးယစ်ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများဖြစ်ပြီး အချုပ်များတွင်လည်း မူးယစ်ဆေးဝါးအမှုဖြင့် ချုပ်နှောင်ခံနေရသူ ၁၀ ရာခိုင်နှုန်းကျော် ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောကြားသည်။
ဦးတိတ်နိုင်က “ဒါဆိုရင်ကျွန်တော်တို့ အဓိက ဒီဟာတွေကို ကိုင်တွယ်ဖို့ ပထမဦးဆုံး ကိုင်တွယ်ဖို့ လိုတယ်။ အဲဒီတော့ ကျွန်တော်တို့က ဒီအကျဉ်းသားတွေက ဒီပြစ်ဒဏ်တွေနဲ့ အကျဉ်းထောင်ထဲကို ကျလာတယ်။ ရောက်လာတယ်။ သူတို့ကိုပြုပြင်ပြောင်းလဲဖို့အတွက် အကျဉ်းထောင်မှာ ရည်ရွယ်ချက်တွေ ရှိပါတယ်။ ဆိုတော့ အကျဉ်းထောင်ရဲ့ ရည်ရွယ်ချက်တွေရှိပါတယ်။ အဲဒီတော့ သူတို့ကို ကျွန်တော်တို့က ဘယ်လို စာရိတ္တတွေကို မြှင့်တင်ဖို့ ကျွန်တော်တို့ လုပ်ကြရင် ကောင်းမလဲ။ နောက်တစ်ခုက သူတို့ကျလာတဲ့ ကျွန်တော်တို့ မနေ့က ဆွေးနွေးတဲ့အထဲမှာဆိုလိုရရှိရင် အကျဉ်းထောင်ထဲကို မရောက်သင့်ဘဲ ရောက်လာတဲ့ လူတွေ အများကြီးပဲရှိတယ်။ အဲဒါကို ကျွန်တော်တို့ ပြန်လည်သုံးသပ်တဲ့ လုပ်ငန်းစဉ်လေး လုပ်ဖို့လိုတယ်” ဟု ပြောကြားသည်။
နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် လူ့အခွင့်အရေးနှင့် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲတွင် အကျဉ်းထောင် ဥပဒေအပါအဝင် အခြားဥပဒေများအား နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်ရန်၊ အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ကင်းစင်ရေး အာမခံဆောင်ရွက်နိုင်ရန်၊ အကျဉ်းထောင်စနစ် ယခုထက် ပိုမိုကောင်းမွန်ရန်၊ အကျဉ်းသားများ၏ စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ တိုးတက်စေရန် စသည့်အချက်များပါဝင်သည့် အကျဉ်းထောင်ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
Eleven Media Group






0 comments:
Post a Comment