အမေရိကန်မှ အဆင့်မြင့်တိုက်ခိုက်ရေး ဂျက်လေယာဉ်များနှင့် တင့်ကားများဝယ်ယူရန် အစိုးရအဖွဲ့က တောင်းဆိုထားကြောင်း ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ်က အတည်ပြုခဲ့သည်။ ယင်းတောင်းဆိုချက်ကို အတည်ပြုခဲ့မည်ဆိုပါက အမေရိကန်နှင့် တရုတ်အကြား နောက်ထပ်တင်းမာမှုများ ဖြစ်လာနိုင်ခြေရှိသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထိုင်ဝမ်ကို တရုတ်၏ အစိတ်အပိုင်းဟု ပေကျင်းက ယူဆပြီး လိုအပ်ပါက အင်အားသုံးပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခြေရှိသည်။
F – 16 V တိုက်ခိုက်ရေးလေယာဉ်များ နှင့် M 1 Abrams တင့်ကားများ ဝယ်ယူရန် အစိုးရအဖွဲ့က အဆိုတင်သွင်းထားသည်ဟု ဟာဝိုင်ယီသို့ရောက်ရှိနေသည့် ဆန်က မတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
“လက်နက်အသစ်တွေက ကျွန်မတို့ရဲ့ ကြည်းတပ်နဲ့ လေတပ်ရဲ့ စွမ်းဆောင်ရည်တွေ၊ ခိုင်မာတဲ့ စစ်စိတ်ဓာတ်တွေကို ပိုမိုမြင့်တက်စေဖို့နဲ့ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးအတွက် အမေရိကန်က အာမခံချက်ပေးတာကို ကမ္ဘာကို ပြသဖို့ဖြစ်တယ်” ဟု ဆန်ကပြောကြားခဲ့သည်။
တရားဝင် သံတမန်ဆက်ဆံရေး မရှိသော်လည်း အမေရိကန်သည် ထိုင်ဝမ်ကို ကာကွယ်ရေးလက်နက်များ အဓိကရောင်းချသည့် နိုင်ငံဖြစ်သည်။
F – 16 V သည် ထိုင်ဝမ်လေတပ်၏ အဓိကအစိတ်ပိုင်းဖြစ်သည့် လေယာဉ်အမျိုးအစားများတွင် အဆင့်အမြင့်ဆုံးဖြစ်ပြီး M 1 Abrams သည်လည်း စစ်တပ်တွင် လက်ရှိအသုံးပြုနေသည့် ပြင်ဆင်မွမ်းမံထားသည့် သက်တမ်းရင့်တင့်ကားများနေရာတွင် အဆင့်မြှင့်တင်မှုဖြစ်သည်။ လေယာဉ် ၆၆ စင်း ဝယ်ယူရန် ထိုင်ဝမ်အစိုးရအဖွဲ့က တောင်းဆိုထားသည်ဟု သတင်းများတွင် ဖော်ပြထားသည်။
အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချမှုများနှင့် ၎င်းတို့အကြား စစ်ဘက်ဆိုင်ရာ ဖလှယ်ခြင်းကို တရုတ်က ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ဝူချန်က ထပ်မံပြောကြားခဲ့သည်။
ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ထိုင်ဝမ်ကိုပေါင်းစည်းရန် တရုတ်က ကြိုးစားမည်ဖြစ်သော်လည်း လွတ်လပ်ရေးလိုလားသည့် ရပ်တည်ချက်နှင့် ပြည်ပသြဇာလွှမ်းမိုးမှုကို တုံ့ပြန်ရန် လိုအပ်သည့်ဆောင်ရွက်ချက်များ ပြင်ဆင်ထားသည်ဟု ဝူက ပြောကြားခဲ့သည်။
ဆန္ဒအလျောက် စစ်တပ်ထဲဝင်လာသည့် တပ်ဖွဲ့အဖြစ် ပြောင်းလဲရန်ပြင်ဆင်နေစဉ် လေ့ကျင့်ရေးများကို အရှိန်အဟုန်မြှင်တင်ခဲ့ကြောင်း၊ ကာကွယ်ရေးအသုံးစရိတ်များကို သုံးနှစ်ဆက်တိုက် တိုးမြှင့်ခဲ့ကြောင်း လာမည့်နှစ်တွင် ဒုတိယမြောက် လေးနှစ်သက်တမ်းအတွက် ယှဉ်ပြိုင်ရန်ကြိုးစားမည်ဖြစ်ကြောင်း ဆန်က ပြောကြားခဲ့သည်။
ဆန်သည် ပစိဖိတ်ကျွန်းနိုင်ငံများဖြစ်သည့် ပါလာအူ၊ နာအူရူနှင့် မာရှယ်အိုင်းလန်း ခရီးစဉ်ပြီးဆုံးခဲ့ပြီးနောက် ဟာဝိုင်ယီသို့ အလွတ်သဘော သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ထိုင်ဝမ်၏ မဟာမိတ်အရေအတွက်ကို တစ်စတစ်စလျော့ပါးစေရန် ပေကျင်းက ကြိုး စားနေစဉ် ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ်က ပစိဖိတ်မဟာမိတ်သုံးနိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ဆန်အင်းဝမ် သမ္မတဖြစ်လာခဲ့ပြီးနောက် ပစိဖိတ်ခြောက်နိုင်ငံအပါအဝင် ထိုင်ဝမ်နှင့် သံတမန်ရေးရာ မဟာမိတ်ဖြစ်သည့် နိုင်ငံ ၁၇ နိုင်ငံသာ ရှိတော့သည်။
Eleven Media Group
0 comments:
Post a Comment