Thursday, March 28, 2019

အင်ဒိုနီးရှားသမ္မတက သုံးဖက်မြင် အလင်းရုပ်တုနှင့် မဲဆွယ်စည်းရုံး


အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲမတိုင်မီ အဓိကကျသော ပြည်နယ်များ၌ မဲဆန္ဒရှင်များထံ ရောက်ရှိရန် ကြိုးပမ်းနေသော အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သုံးဖက်မြင်အလင်းပုံရိပ်နှင့် မဲဆွယ်လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့သည်။ ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရရန် ကြိုးပမ်းနေသည့် ဝီဒိုဒိုက ခရီးစဉ်များ စီစဉ်ရန် အချိန်ခက်ခဲသောကြောင့် အချို့မဲဆွယ်လှုပ်ရှားမှုများတွင် သုံးဖက်မြင်အလင်းပုံရိပ်များ အသုံးပြုနေကြောင်း သူ၏အဖွဲ့က ပြောကြားခဲ့သည်။ 
အဆင့်မြင့် နည်းပညာသုံး မဲဆွယ်လှုပ်ရှားမှုကို ဝီဒိုဒို၏အဖွဲ့က ယခုသီတင်းပတ်တွင် စတင်ခဲ့ပြီး လူဦးရေထူထပ်သော အနောက်ဂျာဗား၊ ဗဟိုဂျာဗားနှင့် အရှေ့ဂျာဗားပြည်နယ်သုံးခုတွင် ဟိုလိုဂရမ်မဲ ဆွယ်လှုပ်ရှားမှုကို ပစ်မှတ်ထား ဆောင်ရွက်ခဲ့သည်။ 
ဧပြီ ၁၇ ရက်တွင် ကျင်းပမည့် အင်ဒိုနီးရှားရွေးကောက်ပွဲများ၌ လူသန်း ၁၉၀ ကျော်က မဲပေးရန် မှတ်ပုံတင်ထားကြသည်။ အသက် ၅၇ နှစ်အရွယ် ဝီဒိုဒို၏ ပုံစံတူ အလင်းရုပ်တု ဟိုလိုဂရမ်သည် လာမည့် သီတင်းပတ်များအတွင်း အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း၌ ဆက်လက်မဲဆွယ်မည် ဖြစ်သည်။ ဝီဒိုဒိုသည် အင်ဒိုနီးရှားတွင် ဟိုလိုဂရမ်သုံးပြီး မဲဆွယ်သည့် ပထမဆုံးနိုင်ငံရေးသမား ဖြစ်ဖွယ်ရှိသည်။ သို့သော်လည်း တူရကီ၏ ရီဆပ်တေယစ်အာဒိုဂန်၊ အိန္ဒိယ၏ နရင်ဒရာမိုဒီနှင့် ပြင်သစ်လက်ယာစွန်းနိုင်ငံရေးသမား ယန်းလုမယ်လင်ချွန်တို့သည် ဟိုလိုဂရမ်သုံးပြီး မဲဆွယ်ခဲ့ကြဖူးသည်။ 
အဖြူရောင်လက်ရှည်ရှပ်အင်္ကျီ၊ ဂျင်းဘောင်းဘီနှင့် အားကစားရှူးဖိနပ် စီးထားသော ဝီဒိုဒို၏ အလင်းရုပ်တုက ၎င်း၏ စီးပွားရေးမှတ်တမ်းများကို ပြောကြားပြီး မဲဆွယ်စည်းရုံးမှုကို ဆောင်ရွက်ခဲ့သည်။ ဝီဒိုဒိုသည် တရုတ်ကွန်မြူနစ်တစ်ဦးဖြစ်ပြီး မွတ်စလင်မဟုတ်ကြောင်း သတင်းတုများကိုလည်း အလင်းရုပ်တုက တုံ့ပြန်ရှင်းလင်းခဲ့သည်။ 
အင်ဒိုနီးရှားသည် ရွေးကောက်ပွဲမတိုင်မီ သတင်းတုများ အွန်လိုင်း၌ ပျံ့နှံ့မှုကို ရင်ဆိုင်နေရသည်။ ဝီဒိုဒိုသည် သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရပါက လိင်တူလက်ထပ်မှုကို တားမြစ်မည်ဖြစ်ကြောင်း ဝတ်ပြုမှုများကိုလည်း ပိတ်ပင်မည်ဖြစ်ကြောင်း ပြောကြားထားသည့် အွန်လိုင်းဗီဒီယိုကို ဖြန့်ချိမှုအတွက် အင်ဒိုနီးရှားအိမ်ထောင်ရှင်မသုံးဦးသည် ယခုလ အစောပိုင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ 
ဝီဒိုဒို၏ အလင်းရုပ်တုက သတင်းတုများသည် ဂုဏ်သိက္ခာပျက်ယွင်းရန် ရည်ရွယ်ချက်သက်သက်နှင့် ဆောင်ရွက်မှုများဖြစ်ကြောင်းနှင့် သတင်းတုများကို ယုံကြည်မှုမထားရန် ပြောကြားခဲ့သည်။ ဝီဒိုဒို၏ မွတ်စလင်ဖြစ်မှုကို ဝေဖန်မှုများအတွက် ကြားခံဖြေရှင်းရန် ရွေးချယ်ခံထားရသည်ဟု သတ်မှတ်ထားကြသည့် ဒုသမ္မတ ကိုယ်စားလှယ်လောင်း မာရုအာမင်ကလည်း အလင်းရုပ်တုနှင့် မဲဆွယ်လှုပ်ရှားခဲ့သည်။ 
သြဇာကြီးသည့် အစ္စလာမ္မစ်ဘာသာရေး ဆရာတစ်ဦးဖြစ်သော အာမင်၏ အလင်းရုပ်တုက ဘာသာရေးယုံကြည်မှုကို မဲဆန္ဒရှင်များအား လွှမ်းမိုးရန်အတွက် အသုံးချနေမှုကို ဆန့်ကျင်ကြရန် သတိပေးခဲ့သည်။ ဝီဒိုဒိုနှင့် အာမင်တို့သည် ပြိုင်ဘက်များဖြစ်သည့် အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာဘိုဝူဆူဘီရန်တိုနှင့် လက်ထောက် ဆန်ဒီယာဂါအူနိုတို့ကို ပြတ်ပြတ်သားသား အသာရနေကြောင်း မကြာသေးမီက လူထုသဘောထား စစ်တမ်းများတွင် ဖော်ပြခဲ့သည်။ ဝီဒိုဒို သည် ၂၀၁၄ သမ္မတ ရွေးကောက်ပွဲတွင် ဆူဘီရန်တိုကို အနိုင်ရထားသည်။ 

Eleven Media Group

0 comments:

Post a Comment