ပြင်ပ ပုဂ္ဂလိက အကူသူနာပြု သင်တန်းကျောင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရားဝင် ဖွင့်လှစ်ခွင့်ပြုထားခြင်း မရှိကြောင်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထည့်သွင်း ပြောကြားခဲ့သည်။
အစည်းအဝေးတွင် မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုး၏ ပြင်ပသူနာပြုအကူသင်တန်းကို တရားဝင်ဖွင့်လှစ်ခွင့်ပြုထားခြင်း ရှိ မရှိနှင့် ပြင်ပ သူနာပြုသင်တန်းများ၏ အရည်အချင်းများကို မည်သည့်ဌာနက မည်ကဲ့သို့စနစ်တကျ ကြီးကြပ်ဆောင်ရွက်နေသည်ကို သိလိုခြင်းအဆိုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ပုဂ္ဂလိကနှင့် အစိုးရ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများကို အရည်အသွေး အဆင့်အတန်း (Accreditation) သတ်မှတ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သူနာပြု/သားဖွားကောင်စီတို့ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီကို ၂၀၁၈ ခုနှစ် သြဂုတ် ၁၃ ရက်တွင် စတင် တာဝန်ပေးအပ်ခဲ့ပြီး မကြာမီ ကျင်းပမည့် မျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးအနက် ကျန်ရှိသော ၁၁ ဦးကို ရွေးချယ် တင်မြှောက်ရန်နှင့် လာမည့် လေးနှစ်တာ ကာလအတွင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်းနှင့် ဆောင်ရွက်မည့် လုပ်ငန်းများအနက် ပုဂ္ဂလိကနှင့် အစိုးရ သူနာပြု နှင့် သားဖွားသင်တန်းကျောင်းများကို အရည်အသွေး အဆင့်အတန်း သတ်မှတ်နိုင်ရေး ကိစ္စများ၊ သူနာပြု/သားဖွားလိုင်စင် ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်းကိစ္စများ၊ သူနာပြု/သားဖွားများ စဉ်ဆက်မပြတ် လေ့လာသင်ကြားမှု အခြေအနေအပေါ် မူတည်၍ Credit Point များ သတ်မှတ်၍ လိုင်စင် သက်တမ်းတိုးရာတွင် ထည့်သွင်း စဉ်းစားရန်ကိစ္စများ စသည်တို့ကို ဆွေးနွေးထားကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဆေးရုံအသီးသီးတွင် သူနာပြုလိုအပ်ချက် မြင့်မားနေသည့်အတွက် ယခုနှစ်မှစ၍ သူနာပြု သင်တန်းသားဦးရေကို ယခင်နှစ်များထက် နှစ်ဆ တိုးမြှင့်ခေါ်ယူ သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် သူနာပြုနှင့် သားဖွားဆရာမများ၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စွမ်းရည်၊ ကုသရေးနှင့် သူနာပြုစုမှု စွမ်းရည်များ ယခုထက်ပိုမို တိုးတက်စေရေး၊ သူနာပြုနှင့် သားဖွားဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း ၊ လိုအပ်ချက်အရ သူနာပြုသင်တန်းသား ဦးရေကို နှစ်စဉ် ၁၈၀၀ ဦးခန့်သာ သင်ကြားပေးနိုင်ခဲ့ရာမှ ယခုနှစ်မှစ၍ နှစ်ဆတိုးမြှင့်ပြီး ၃၆၀၀ ဦးအထိ တိုးမြှင့် ခေါ်ယူသင်ကြားလျက် ရှိကြောင်းနှင့် သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေး စနစ်များကို နိုင်ငံတကာ အဆင့်အတန်းမီဖြစ်စေရေး ပြောင်းလဲဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သူနာပြုတက္ကသိုလ် နှစ်ခု၊ သူနာပြု၊ သားဖွားနှင့် နှီးနွှယ်ကျောင်း ၅၀ တို့မှ မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသောသူနာပြုနှင့် သားဖွားများကို မွေးထုတ်လျက်ရှိကြောင်း၊ သူနာပြု ၃၅၀၀၀ ကျော်နှင့် သားဖွားဆရာမ ၃၇၀၀၀ ကျော် လေ့ကျင့်မွေးထုတ်ပေးပြီး ဖြစ်ကြောင်းနှင့် တက္ကသိုလ် နှင့် သင်တန်းကျောင်း အသီးသီးတွင် သင်တန်းသား ၉၀၀၀ ကျော် သင်တန်း တက်ရောက်လျက်ရှိကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment