ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်သည် သဘောထားတူညီစွာ ရပ်တည်နေ သကဲ့သို့ နိုင်ငံရေးရာ ကိစ္စများတွင်လည်း အမြင်တူစွာ ရှိနေသည့်အတွက် လက်ရှိ နိုင်ငံရေး အခင်းအကျင်း များနှင့်ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့် ကို တွေ့ဆုံမေးမြန်း ထားပါသည်။
မေး ။ ။ အခု ရခိုင်မှာ ရခိုင်တပ်မတော် (AA) နဲ့ တပ်မတော်နဲ့ကြားမှာ တိုက်ပွဲ တွေပြင်းထန်နေတယ်။ စစ်ဘေးဒုက္ခသည် အရေအတွက်ကလည်း တစ်သောင်းကျော်လာတယ်။ ဆိုတော့ အဲဒီအခြေအနေအပေါ်မှာ USDP ပါတီအနေနဲ့ ဘယ်လိုသုံးသပ်လဲ။
ဖြေ ။ ။ ဥပမာပေးရရင်တော့ ကျနော်တို့တိုင်းပြည်က HIV Positive ဖြစ်နေတဲ့ လူမမာလို ဖြစ်နေတယ်။ ဘယ်ဘက်က ပြဿနာ ရောဂါဝင်လာဝင်လာ မခံနိုင်တော့ ဘူးလေ။ နည်းပညာ၊ စီးပွားရေး၊ ဓနအင်အား၊ အခြေခံအချက်အလက်အားလုံးမှာ ကျနော်တို့က အားနည်းနေတယ်။ ကိုယ်ခံအားနည်းနေတဲ့တိုင်းပြည်လို ဖြစ်နေတဲ့အခါကျတော့ ဘယ်သူကပဲဝင်လာဝင်လာ ကျနော်တို့မှာ ထိရောက်မှုက ပြင်းထန်တယ်၊ Impact က ကြီးတယ်။
အခုဆိုလည်း ဒီ ပြောရရင်တော့ နိုင်ငံကြီးတွေရဲ့ အားပြိုင်မှုတွေကြားထဲမှာ ကျနော်တို့နိုင်ငံက မြေစာပင်ဖြစ်နေတယ်။ ကျနော်တို့မှာ အဘက်ဘက်မှာ အားနည်းနေတဲ့အခါကျတော့ သူတို့ မွှေချင်သလိုမွှေ၊ လုပ်ချင်သလိုလုပ်လို့ရတဲ့ အနေအထားပေါ့။ ဒီ AA ပြဿနာကလည်း ဒါ သာမန် ပြည်တွင်း တိုင်းရင်းသားတွေရဲ့ ခံစားချက်လောက်နဲ့တင်မဟုတ်ဘူး၊ အဲဒီနောက်ကွယ်မှာ နိုင်ငံတကာက ၀င်ရောက်စွက်ဖက် ခြေရှုပ်ထားတဲ့ကိစ္စတွေရှိတယ်။
နောက်တစ်ခါ နယ်မြေရယူလိုမှုကြောင့် အကြမ်းဖက်အဖွဲ့တွေဖန်တီးပြီးတော့မှ၊ AA နဲ့ ချိတ်ဆက်ပြီးတော့မှ ဒေသမှာ ဆူပူမှုတွေဖြစ်အောင် လုပ်နေတာတွေရှိတယ်ဆိုတော့ ဒီနိုင်ငံရေးအခင်းအကျင်းတွေက တော်တော်ကျယ်ပြန့်တယ်။ သာမန်အနေအထားလောက်နဲ့လည်း ကျနော်တို့ သုံးသပ်ဖို့ခက်ပါတယ်။ သို့သော် သေချာတာတစ်ခုကတော့ ကျနော်တို့ နွားကွဲရင်တော့ ကျားဆွဲဦးမှာပဲ၊ ကျားဆွဲမှာပဲ။ ဒေသခံတိုင်းရင်းသားတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ နောက် တပ်မတော် အားလုံးဟာ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ ဒီအန္တရာယ်တွေကို ကာကွယ်ရလိမ့်မယ်။ မဟုတ်ရင် ကျနော်တို့ နယ်မြေဆုံးရှုံးသွားနိုင်တယ်၊ အဲဒီဒေသကလေ။ နယ်မြေဆုံးရှုံးသွားနိုင်တယ်။ အန္တရာယ်တော်တော်ကြီးပါတယ်။
မေး ။ ။ USDP ပါတီထဲမှာရှိနေတဲ့၊ ဦးဆောင်နေတဲ့ ထိပ်တန်း ခေါင်းဆောင်တွေက အရင် တပ်မတော်က ကူးလာတဲ့ ဗိုလ်ချုပ်ကြီးဟောင်း၊ ဗိုလ်ချုပ်ဟောင်းတွေဆိုတဲ့အခါ လူတွေမှာ အဲဒီလို အမြင်က မကွဲဘူးဖြစ်နေတယ်။ အဲဒီတော့ တကယ်ပဲ တပ်မတော်က အငြိမ်းစားယူလာလို့ရှိရင် USDP ထဲဝင်ဆိုတဲ့ အစဉ်အလာကြီးနဲ့ တည်ဆောက်ထားတဲ့ပါတီလား။
ဖြေ ။ ။ လုံးဝမဟုတ်ဘူး၊ မှားယွင်းတဲ့အယူအဆလို့ ကျနော်ကပြောချင်တယ်။ ကျနော်တို့ပါတီမှာက အရင်တုန်းက သူ့ဘာသာသူ ဆရာဝန်ပဲဖြစ်ဖြစ်၊ စစ်ဗိုလ်ပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ ဘုရားဂေါပကပဲဖြစ်ဖြစ် သူသည် နိုင်ငံသားတစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ်ရှိနေတဲ့အချိန်၊ ၀န်ထမ်းဆိုလည်း အငြိမ်းစားယူပြီးသွားတဲ့အချိန်မှာ သူယုံကြည်ရာ၊ သူ့နိုင်ငံ လူမျိုးအတွက် သူယုံကြည်ရာ နိုင်ငံရေးပလက်ဖောင်းတစ်ခုကနေပြီးတော့မှ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးအတွက်လုပ်တာကို ကျနော်တို့က ကြိုဆိုတာပေါ့။ စစ်သားလည်းဖြစ်ချင်ဖြစ်မယ်၊ အင်ဂျင်နီယာအငြိမ်းစားဖြစ်ချင်ဖြစ်မယ်၊ ဆရာဝန်အငြိမ်းစားဖြစ်ချင်ဖြစ်မယ် Anybody ရတယ်။
အဲဒါကို တပ်ကခေါင်းဆောင်ပိုင်းတွေပါလို့ စစ်တပ်ပါတီလို့ပြောမယ်ဆိုရင် ဒီနေ့ NLD မှာရော၊ အခြားပါတီတွေမှာရော တပ်မတော်က အငြိမ်းစားတွေ မရှိဘူးလား။ ခေါင်းဆောင်ပိုင်းမှာကိုပဲ အရင် ကာကွယ်ရေးဦးစီးချုပ် အငြိမ်းစား ဘဘဦးတင်ဦးတို့ဆို အရင်က NLD က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တွေလုပ်ပြီး ဒီနေ့ နာယကလုပ်နေတယ်။ အရင် ဦးဝင်းထိန်တို့ဆိုလည်း တပ်ကအငြိမ်းစားတွေပါပဲ ပြောချင်တာကတော့လေ။ ဆိုတော့ ဒါက ပွင့်ပွင့်လင်းလင်းပြောရရင်တော့ နိုင်ငံရေးအရ ပြည်ခိုင်းဖြိုးပါတီနဲ့ တပ်ကို အပုပ်ချတိုက်ခိုက်တဲ့ ယူဆချက်ပါ။ တကယ်တမ်းတော့ မဟုတ်ဘူး။ နောက်တစ်ခုက တပ်ကထွက်တာနဲ့ ပြည်ခိုင်ဖြိုးပါတီမှာလုပ်ရမယ်ဆိုတဲ့ အယူအဆ လမ်းကြောင်းလည်း မရှိဘူး။
ကျနော်တို့ အခု ၂၀၁၆ ပါတီညီလာခံကြီး ကျင်းပတဲ့အချိန်မှာလည်း တပ်ကဗိုလ်ချုပ်မို့လို့ ဦးသန်းဌေးကို ပါတီဥက္ကဋ္ဌပေးလိုက်တာမဟုတ်ဘူး။ တပ်ကဗိုလ်ချုပ်ကြီးမို့လို့ CEC ပေးလိုက်တာမဟုတ်ဘူး။ ကျနော်တို့နိုင်ငံနဲ့ ကျနော်တို့နိုင်ငံသားအတွက် အရည်အချင်းရှိရှိ၊ အတွေ့အကြုံရှိရှိ၊ လုပ်ရည်ကိုင်ရည်ရှိရှိနဲ့ အချိန်ပေးပြီး အနစ်နာခံ၊ မိသားစုဘ၀တွေ၊ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေ စွန့်လွှတ်ပြီးတော့မှ လုပ်နိုင်တဲ့လူ၊ အဲဒီလိုလုပ်နိုင်တဲ့အပြင် သူ့မှာလည်း အရည်အချင်းရှိဖို့လိုသေးတယ်၊ အတွေ့အကြုံရှိဖို့လိုသေးတယ်။ သူက ဒီပါတီကြီးတစ်ခုလုံးကို ဦးဆောင်မယ်။ တစ်ချိန်မှာ မိမိပါတီအနိုင်ရခဲ့ရင် ပါတီကိုဦးဆောင်မယ့်လူတွေဟာ အရည်အချင်းရှိဖို့ လိုတယ်၊ အတွေ့အကြုံရှိဖို့လိုတယ်၊ တကယ်နိုင်ငံချစ်စိတ်ရှိဖို့လိုတယ်၊ နောက် စွန့်လွှတ်အနစ်နာခံဖို့လိုတယ်၊ ကိုယ်ကျင့်တရားကောင်းဖို့တွေ လိုကြတယ်။
အဲဒီတော့ ဒီလိုလူမျိုးတွေကို ရွေးချယ်တဲ့နေရာမှာ စစ်သား၊ အရပ်သား၊ အငြိမ်းစားတွေလည်း ဖြစ်ချင်ဖြစ်နေမှာပဲ။ ဘာလို့ဆို အတွေ့အကြုံအရ ရွေးချယ်ကြတာ။ ဆိုတော့ အများစုက ကျေနပ်ထောက်ခံလို့ ရွေးချယ်တဲ့အပေါ်မှာ ခုနလို နိုင်ငံရေးအရတိုက်ခိုက်တာကိုတော့ ကျနော်တို့ ဦးနှောက်ထဲမရှိပါဘူး။ ကျနော်ထင်ပါတယ် ပြည်သူအများစုအနေနဲ့ပြောတာကတော့ မှားတယ်၊ ပြည်သူအများစုက အဲဒီလိုမမြင်ပါဘူး။
ကျနော်တို့ကို နိုင်ငံရေးအရတိုက်ခိုက်နေတဲ့ တချို့သောပုဂ္ဂိုလ်တွေရဲ့ မီဒီယာအားနဲ့ မှိုင်းတိုက်နေတာလောက်ပဲရှိပါတယ်။ အခု အများစု ပြောမယ်ဆိုရင် ပါတီဝင်အင်အား အများဆုံးရှိတဲ့ ပါတီကြီးဖြစ်တဲ့၊ ရွေးကောက်ပွဲမှာလည်း ၂၀၁၅ တုန်းကတောင် ၇ သန်းကျော် မဲ ခိုင်ခိုင်မာမာ ကျနော်တို့ရခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ကျနော်တို့ကို ထောက်ခံတဲ့ မဲဆန္ဒရှင် ရှိသလိုပဲ ကြားဖြတ်ရွေးကောက်ပွဲ ၂ ကြိမ်လုံးမှာလည်း ကျနော်တို့ ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့တယ်။ ပြည်ခိုင်ဖြိုးအနေနဲ့ ၂၀၂၀ မှာ ထိုက်တန်တဲ့ အနိုင်ရရှိမှုတစ်ခု၊ ဂုဏ်သိက္ခာရှိစွာ အနိုင်ရရှိမှုတစ်ခု ရလိမ့်မယ်လို့ ကျနော်တို့မျှော်လင့်တယ်။ အဲဒီအတွက် ကျနော်တို့ စိုးရိမ်စိတ်မရှိပါဘူး။ ဒါကတော့ ဝေဖန်စွပ်စွဲမှုသက်သက်ဖြစ်တဲ့အတွက် ဒီအပေါ်မှာတော့ ကျနော်တို့ ချေပစရာတော့ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။
မေး ။ ။ ဒီ ၂၀၂၀ မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ကြံ့ခိုင်ရေးအတွက်၊ အထောက်အပံ့ဖြစ်နိုင်လား။
ဖြေ ။ ။ အဲဒါကလည်းး ကျနော်တို့နဲ့မဆိုင်ဘူး ကျနော်မြင်တာကတော့လေ။ တပ်မတော်က သူ့ရဲ့စုဖွဲ့မှု၊ သူ့ရဲ့ အမိန့်နဲ့၊ စစ်စည်းကမ်းနဲ့ သွားတဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ပြည်ခိုင်ဖြိုးနောက်လိုက် အဖွဲ့အစည်းမဟုတ်ဘူး။ ပြည်ခိုင်ဖြိုးကလည်း တပ်နောက် လိုက်အဖွဲ့ အစည်းမဟုတ်ဘူး။ ကျနော်တို့ကလည်း ကျနော်တို့ အလုပ်ကျနော်တို့လုပ်တယ်၊ တပ်ကလည်း သူ့အလုပ်သူလုပ်တယ် ဒါပဲ။ ခုနပြောသလို တပ်ကတော့ သူ့မှာ Right ရှိတာဖြစ်တဲ့အတွက် ဘယ်ပါတီကို ထောက်ခံမလဲဆိုတာ သူ့ရဲ့စဉ်းစားတွေးခေါ်မှုနဲ့ပဲ ဆိုင်တယ်။ သူဘာနဲ့ပဲကြည့်မလဲ၊ ဒီ သူထောက်ခံမယ့်ပါတီက ဒီနိုင်ငံကို တကယ်တာဝန် ယူနိုင်တဲ့ အရည်အသွေး၊ စိတ်စေတနာ၊ လုပ်ရည်ကိုင်ရည်၊ နောက် ဒီနိုင်ငံတော်နဲ့နိုင်ငံသားအပေါ်မှာထားတဲ့ သစ္စာတရား၊ ဒီ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာနဲ့ ဒီနိုင်ငံကို တာဝန်ယူစောင့်ရှောက်နိုင်တဲ့ စိတ်အခြေခံ ဒါတွေရှိသလား သူကြည့်မှာပေါ့ ကျနော်ထင်တာပေါ့လေ။
သူ့နိုင်ငံအတွက် တကယ်အရည်အသွေးရှိပြီးတော့ လုပ်နိုင်တဲ့အဖွဲ့ အစည်းကိုတော့ ထောက်ခံသွားလိမ့်မယ်လို့တော့ ကျနော်တို့ထင်တယ်။ ပြည်ခိုင်ဖြိုးမှ၊ NLD မှ၊ တစည မှဆိုတာတော့ မရှိလောက်ဘူးလို့ ကျနော်တို့ယူဆတယ်။ ဒါဟာလည်း ခုနပြောသလို သက်သက် နိုင်ငံရေးတိုက်ခိုက်မှုတွေအတွက် အသုံးချတဲ့လက်နက်တစ်ခုလို့ပဲမြင်တယ်။ ကျနော်တို့ကတော့ အဲဒီအပေါ်မှာ ညှိနှိုင်းဆောင်ရွက်ထားတာ ဘာမှမရှိဘူး။ ကျနော်တို့ကတော့ ကိုယ်ရတဲ့ ပြည်သူထောက်ခံတဲ့မဲနဲ့ပဲ အစိုးရဖွဲ့နိုင်ဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ။
မေး ။ ။ ၂၀၂၀ မှာ USDP အနေနဲ့ သမ္မတလောင်း လျာထားတာရှိသလား။ ဒါမှမဟုတ်ရင် အရင်သမ္မတဟောင်း ဦးသိန်းစိန်ကိုပဲ ပြန်တင်ဖို့ရှိသလား။ ဘယ်လိုမျိုးရှိလဲ။
ဖြေ ။ ။ ကျနော်တို့က သမ္မတဘယ်သူဆိုတာကို ကျနော်တို့ မစဉ်းစားသေးဘူး။ အဓိကက ကျနော်တို့ပါတီနိုင်ဖို့က ပထမအရေးကြီးတယ်။ ပြီးရင် ကျနော် တို့နိုင်ပြီး လို့ရှိရင်လည်း ကျနော်တို့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ မျှော်လင့်ချက် မဆုံးရှုံးအောင် ကျနော်တို့ အကောင်းဆုံး ဘယ်လိုအလုပ်အကျွေး ပြုရမလဲဆိုတာကိုပဲ စဉ်းစားတယ်။ ဒီကနေ့ ကျနော်တို့ ကျဆင်းနေတဲ့စီးပွားရေး ပြန်လည်ဦးမော့လာအောင် ကျနော်တို့ ဘယ်လိုလုပ်မလဲ။ ၀င်ငွေနည်းနေတဲ့ ပြည်သူလူထုရဲ့ ၀င်ငွေတိုးတက်လာအောင် ကျနော်တို့ ဘယ်လိုလုပ်မလဲ။ အလုပ်အကိုင်ရှားပါးနေတဲ့ ကျနော်တို့နိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတိုးပွားလာအောင် ကျနော်တို့ ဘယ်လိုလုပ်မလဲ။
ဒီကနေ့ တက်နေတဲ့ကုန်ဈေးနှုန်းတွေကျအောင် ဘယ်လိုလုပ်မလဲ၊ ဖောင်းပွနေတဲ့ငွေကြေး ကျနော်တို့ ဘယ်လိုပြန်ပြီး ကျစ်လျစ်အောင်လုပ်မလဲ။ ခုနလို စိန်ခေါ်ခံနေရတဲ့ အမျိုးသားရေးစရိုက်လက္ခဏာတွေကို ကျနော်တို့ ဘယ်လိုပြန်ပြီးတော့ အကာအကွယ်ပေးမလဲ၊ ဒီနေ့ စိန်ခေါ်ခံနေရဲ့ ကျနော်တို့ရဲ့ အချုပ်အခြာအာဏာ၊ နယ်မြေဆုံးရှုံးတဲ့ကိစ္စတွေကို ကျနော်တို့ ဘယ်လိုပြန်လည် ထိန်းသိမ်းကာကွယ်သွားမလဲ။
ဒါကို ကျနော်တို့ ဦးတည်ပြီးတော့မှ အလုပ်အကျွေးပြုနိုင်ဖို့ စဉ်းစားနေတယ်။ နံပါတ် (၁) က ကျနော်တို့ အဲဒီလိုလုပ်ပေးနိုင်ဖို့ လိုတယ်။ ကျနော်တို့ အနိုင်ရရှိ သွားရင် ကျနော်တို့ပါတီကနေပြီးတော့မ ဖြစ်သင့်ဖြစ်ထိုက်တဲ့ပုဂ္ဂိုလ်တွေ သမ္မတ ဖြစ်၊ ဒုသမ္မတတွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ပြီးရင် အစိုးရအဖွဲ့ဝင်တွေ ဖြစ်လာလိမ့်မယ်။
မေး ။ ။ ဆိုတော့ သမ္မတအဖြစ် လျာထားသူက ပါတီကပဲလို့ ပြောချင်တာလား။
ဖြေ ။ ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ပုဂ္ဂိုလ်လေ၊ ကျနော်တို့ ဒါ ပါတီကနေမှမဟုတ်ဘူး၊ ကျနော်တို့နိုင်ငံအတွက် လုပ်ရည်ကိုင်ရည်ရှိတဲ့၊ လုပ်နိုင်ကိုင်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို ကျနော်တို့ဒါ ဆောင်ရွက်သွားမှာ၊ အဓိကကတော့ သူ့မှာ လုပ်ရည်ကိုင်ရည် ရှိဖို့လိုတယ်၊ ကျန်းမာရေးလည်းကောင်းဖို့လည်းလိုတယ်၊ လုပ်နိုင်တဲ့ အရည်အသွေး ရှိဖို့လည်းလိုတယ်၊ အတွေ့အကြုံလည်း ရှိဖို့လည်းလိုတယ်။ တကယ်လည်း ကိုယ်ကျင့်တရားကောင်းဖို့လိုတယ်။ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ ပေးဆပ်နိုင်တဲ့လူတွေဖြစ်ဖို့လိုတယ်။ ပေးလိုက်တဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အတွေ့အကြုံတော့ ရှိဖို့လိုတာပေါ့။ ဆိုတော့ အဲဒီအချိန်ကျမှပဲ ကျနော်တို့ စဉ်းစားကြမယ်။ နိုင်ငံအတွက် တကယ် အလုပ်အကျွေးပြုနိုင်တဲ့လူကိုပဲ ကျနော်တို့ ရွေးချယ်တာဝန်ပေးသွားမှာပါ။
မေး ။ ။ ဆန်ရောင်းနေတဲ့ကိစ္စပေါ့လေ၊ အဲဒါကရော ဘယ်လောက်အထိ ထပ်ပြီးတိုးချဲ့ဖို့ရှိလဲ၊ ဒါကလည်း ၂၀၂၀ အတွက် ဗျူဟာတစ်ရပ်လားပေါ့။
ဖြေ ။ ။ ဆန်ရောင်းတယ်ဆိုတဲ့ကိစ္စက နယ်မြေဒေသ ဒီနေ့ရှိနေတဲ့၊ နိုင်ငံမှာရှိ နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ပြည်သူလူထုရဲ့ စားဝတ်နေရေး အခက်အခဲကို လိုအပ်ချက်တစ်ခုအနေနဲ့ ကူညီဖြေရှင်းပေးတဲ့သဘောပါ။ ဒါ မဟာဗျူဟာ ကြီးတော့ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့အတွက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီး ၂၀၁၆ ပါတီညီလာခံကြီး စပြီးတော့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးဦးဆောင်တဲ့ အလုပ်အမှုဆောင်အဖွဲ့သစ်ကို ရွေးချယ်တာဝန်ပေးပြီး နောက်ပိုင်း ကတည်းကိုက ၂၀၂၀ အောင်နိုင်ရေးအတွက် စနစ်တကျစု ဖွဲ့ပြင်ဆင်ဆောင်ရွက်နေတယ်လို့ပဲ ပြောပါရစေ။
Khit Thit Media







0 comments:
Post a Comment