ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီတွင် အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားသည့် ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်သူလူထုအတွက် အကျိုးရှိ၊ မရှိ စဉ်းစားပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အမှတ်(၁၁)မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက မတ် ၁၆ ရက်နေ့ ညနေပိုင်းတွင် News Watchသို့ ပြောကြားသည်။
ယင်းအထောက်အကူပြုကော်မတီကို သမ္မတရုံးက မတ် ၁၄ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကြိုတင်အသိပေး အကြောင်းကြားခြင်းမရှိဘဲ ဒေါ်ထုမေကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားခဲ့ခြင်းဖြစ်သည်။
“တကယ်တမ်းဆောင်ရွက်လို့ရှိရင်တော့ ဒီဆောင်ရွက်မှုရလာဒ်အပေါ်မှာ ဘယ်လောက်အထိ ပြည်သူတွေအကျိုးရှိမလဲ။ အဓိကတော့ ရခိုင်းပြည်သူအကျိုးနဲ့ပဲ တိုင်းတာမှာပါ။ ဘယ်ကိစ္စကိုလုပ်လုပ် ကျွန်မအနေနဲ့က ကော်မတီမှာ ပါတယ်၊ မပါဘူးဆိုတာထက် ရခိုင်ပြည်သူလူထု အကျိုးရှိမယ့် ကိစ္စဆိုလို့ရှိရင်တော့ ဆောင်ရွက်မှာပါပဲ။ အကျိုးမရှိတဲ့ကိစ္စဆိုရင် ကျွန်မဆောင်ရွက်မှာ မဟုတ်ပါဘူးရှင့်”ဟု ဒေါ်ထုမေက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်ဖြစ်စေရန် ဖန်တီးလှုံ့ဆောင်မှုများ ထပ်မံမဖြစ်ပွားစေရေးနှင့် ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန်အတွက် ယင်းကော်မတီကို ဖွဲ့စည်းသည်ဟု ဆိုသည်။
ကော်မတီဖွဲ့စည်းကြောင်း အမိန့်ကြော်ငြာစာ အပိုဒ် ၂(က)၊ (ခ)၊ (ဂ)တို့တွင် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားပြီး ၂(က)တွင်“ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ရခိုင်ပြည်နယ်သို့ ကွင်းဆင်းလေ့လာခြင်း၊ တွေ့သင့်တွေ့ထိုက်သူများနှင့် တွေ့ဆုံခြင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒများအား ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းခြင်း၊ လိုအပ်သည့် အကြံညာဏ်များရယူခြင်း စသည်တို့ ဆောင်ရွက်ပြီး ရေတိုရေရှည်ဆောင်ရွက်သင့်သည်များကို အကြံပြုတင်ပြရန်”ဟု ဖော်ပြထားသည်။
“ရေးထားတဲ့ သဘောက ဒါ မဖြစ်နိုင်ပါဘူး။ ဒီအဖွဲ့မှာ ပါဝင်ကြတဲ့ ပုဂ္ဂိုလ်တွေအကုန်လုံးက အစိုးရက ခန့်ထားတဲ့သူ မဟုတ်ဘူးလေ။ ကျွန်မတို့ဆိုလို့ရှိရင် ကိုယ်စားလှယ်၊ ကိုယ်စားလှယ်တစ်ယောက်က အစိုးရရဲ့ မူဝါဒကို ရှင်းပြဖို့ဆိုတာက ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ကျွန်မ NLDပါတီဝင်မှ မဟုတ်တာနော်။ ဒါကို ကျွန်မတို့ ပြည်သူကို ရှင်းပြဖို့၊ ဒါမဖြစ်နိုင်တဲ့ကိစ္စ၊ ဒါတွေကို ညှိနှိုင်းရမှာပေါ့။ ကျွန်မအနေနဲ့ကတော့ ဒီလိုမျိုး ညှိနှိုင်းလို့ရလို့ရှိရင်တော့ တမျိုးစဉ်းစားရမှာပေါ့ရှင့်”ဟုလည်း ဒေါ်ထုမေက ပြောကြားခဲ့သည်။
ကော်မတီဖွဲ့စည်းရာတွင် အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းမည့်ကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ညှိနှိုင်းခြင်းမရှိခဲ့သကဲ့သို့ ကော်မတီဖွဲ့စည်းပြီးနောက် မတ် ၁၆ ရက်နေ့ ညနေပိုင်းအထိ ဒေါ်ထုမေထံ ဆက်သွယ်လာခြင်းမရှိသေးကြောင်းလည်း သိရသည်။
ယင်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းခြင်းခံထားရသူတစ်ဦးဖြစ်သည့် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ထည့်သွင်းဖွဲ့စည်းမည့်ကိစ္စနှင့် ဆက်သွယ်ညှိနှိုင်းခြင်း မရှိခဲ့ကြောင်း၊ NLDအစိုးရ၏ မူဝါဒများကို ရှင်းပြရမည်ဟုလည်း ဆိုထား၍ ကော်မတီ၏ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်သွားမည်မဟုတ်ကြောင်း မီဒီယာများသို့ ပြောကြားထားခဲ့သည်ကို တွေ့ရသည်။
ယင်းကော်မတီတွင် ဥက္ကဌအဖြစ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်၊ ဒုတိယဥက္ကဌ(၁)အဖြစ် ဒေါက်တာဖေမြင့်၊ ဒုတိယဥက္ကဌ(၂)အဖြစ် ဦးညီပုတို့အား တာဝန်ပေးအပ်ထားသည်ကို တွေ့ရပြီး ကော်မတီတွင် ပါဝင်သူအများစုမှာ ရခိုင်များဖြစ်သည်။
မင်းထင်
ဒေါ်ထုမေကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတစ်ခုတွင် တွေ့ရစဉ်။(ဓာတ်ပုံ - Htoot May Facebook)
News Watch







0 comments:
Post a Comment