ထိုင်းနိုင်ငံမှာရွေးကောက်ပွဲဝင်မယ့် Future Forward Party ရဲ့ ဒုတိယခေါင်းဆောင် Pongsakorn Rodchompoo ကို ကွန်ပြူတာရာဇဝတ်မှုနဲ့ ထိုင်းအစိုးရက တရားစွဲလိုက်ပါတယ်။
ထိုင်းစစ်အစိုးရခေါင်းဆောင်တစ်ဦးဟာ တစ်ခွက်ကို ထိုင်းဘတ်ငွေ တသောင်းနှစ်ထောင် (အမေရိကန်ဒေါ်လာ ၃၇ဝ ကျော်) တန်တဲ့ကော်ဖီတွေ ဝယ်သောက်နေတယ် ဆိုတဲ့သတင်းတစ်ပုဒ်ကို အင်တာနက်မှာ ပြန်ပြီးမျှဝေခဲ့မှုနဲ့ တရားစွဲလိုက်တာပါ။
ဒီသတင်းဟာ အတုဖြစ်နေတာကို သိသိချင်းမှာပဲ Mr. Pongsakorn က သူမျှဝေထားတာကို ပြန်ဖြုတ်လိုက်တယ်လို့ Future Forward Party ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။
အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်တဲ့ Pongsakorn ဟာ ဝန်ကြီးချုပ်ယင်လပ် လက်ထက်က ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရဖူးသူ ဖြစ်ပါတယ်။
Future Forward Party ရဲ့ ပထမခေါင်းဆောင် Thanathorn ဟာလည်း အင်တာနက်အွန်လိုင်းမှာ စစ်အစိုးရကို ဝေဖန်ရေးသားမှုတွေကြောင့် အလားတူ ကွန်ပြူတာရာဇဝတ်မှုနဲ့ တရားစွဲခံထားရပါတယ်။ ဒီဥပဒေအရ ပြစ်မှုကျူးလွန်တယ်လို့ တရားရုံးကဆုံးဖြတ်ရင် အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
ထိုင်းစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးပရာယွတ်ဟာ လာမယ့်မတ်လ ၂၄ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပေမယ့် သူ့ကို နိုင်ငံရေးပါတီတစ်ခုရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် လျာထားပြီး ဖြစ်ပါတယ်။ ထိုင်းစစ်အစိုးရက အသစ်ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ ရွေးကောက်ခံလွှတ်တော်အမတ် မဟုတ်သူတွေကိုလည်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်တယ်လို့ သိရပါတယ်။
Future Forward Party ဒုတိယခေါင်းဆောင် Pongsakorn Rodchompoo -
(Photo: Pongsakorn Facebook)
RFA







0 comments:
Post a Comment