သဘာဝပတ်ဝန်းကျင်ဆိုင်ရာတက်ကြွလှုပ်ရှားသူ ဆွီဒင်သူလေး ဂရီတာ သွန်းဘာ့ဂ် (Greta Thunberg) ဟာ ရာသီဥတုပြောင်းလဲမှုကိုရပ်တန့်နိုင်ဖို့ လူငယ်မဲဆွယ်စည်းရုံးရေးကို ဦးဆောင်ခဲ့ပါတယ်။ အခုတော့ သူ(မ)ရဲ့ ဒီလိုလုပ်ရပ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်လာဖို့ နာမည်တင်သွင်းခံထားရပါပြီ။
အသက် (၁၆) နှစ်ပဲရှိသေးတဲ့ ဂရီတာဟာ ၂၀၁၉ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်သာ ဖြစ်လာခဲ့ရင် ကမ္ဘာ့အသက်အငယ်ဆုံး နိုဘယ်ဆုရှင်ဖြစ်လာမှာပါ။ ‘ရာသီဥတုခြိမ်းခြောက်မှုဟာ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကိုဖြစ်စေတဲ့ အရေးပါဆုံးအကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။ ဂရီတာဟာ ကမ္ဘာငြိမ်းချမ်းရေးအတွက် အလွန်အရေးပါတဲ့အရာတစ်ခုကို အားကြိုးမာန်တက် ဆောင်ရွက်နေသူဖြစ်တယ်’ လို့ လွှတ်တော်ကိုယ်စားလှယ် ဖရယ်ဒီအန်ဒရီ အိုဗ်စတီဂါ့ဒ် (Freddy Andre Oevstegarrd) က ဆိုပါတယ်။
ကမ္ဘာတစ်ဝှမ်းက ကျောင်းသားထောင်ပေါင်းများစွာကို ကိုယ်တိုင်ဦးဆောင်ကာ အားကြိုးမာန်တက် ဆန္ဒထုတ်ဖော်ဖို့ ဂရီတာက ဦးဆောင်နိုင်ခဲ့တာကြောင့် TIME မဂ္ဂဇင်းရဲ့ ၂၀၁၈ ခုနှစ်အတွက် ဆယ်ကျော်သက်များကို အလွှမ်းမိုးနိုင်ဆုံးဆယ်ကျော်သက်တွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါသေးတယ်။ လွန်ခဲ့တဲ့ခြောက်လခန့်က ဆွီဒင်လွှတ်တော် အပြင်ဘက်မှာ စခန်းချပြီး တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်တာကနေ အခုလိုကြိုးပမ်းမှုတွေကို ဂရီတာက အစပြုခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာလည်း ဂရီတာဟာ ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံမှာ ဟောပြောခဲ့ပါတယ်။ ဒါ့အပြင်၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗိုမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံကို တက်ရောက်ဟောပြောခဲ့ပါသေးတယ်။
ကမ္ဘာ့အပူချိန်ဟာ (၁.၅) ဒီဂရီဆဲလ်စီးယပ်နှုန်းနဲ့ မြင့်တက်လာလျက်ရှိပြီး ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ ဒီနှုန်းအတိုင်း ဆက်သွားမယ်ဆိုရင် ၂၀၃၀ ခုနှစ်ထက် စောပြီး ကမ္ဘာပေါ်မှာ ဆိုးရွားတဲ့ ရာသီဥတုပြောင်းလဲမှုအကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။ ဒါ့ကြောင့်ဂျာမနီ၊ ဘယ်ဂျီယံ၊ အမေရိကန်၊ ပြင်သစ်၊ သြစတေးလျနဲ့ ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေမှာလည်း ပုံမှန်ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်လာကြတာကိုတွေ့ရပါတယ်။
Ref: www.time.com " Swedish Teen Climate Activist Greta Thunberg Has Been Nominated for the Nobel Peace Prize "
Wint Wah (ရိုးရာလေး)







0 comments:
Post a Comment