ပြင်သစ်မြို့တော် ပါရီက ၁၈ ကြိမ်မြောက် ဝတ်စုံဝါ ဆန္ဒပြပွဲအတွင်း ဘဏ်တခု၊ ကားတစီးနဲ့ ခရော့ခ်စ် သတင်းဌာနရုံးတို့ မတ်လ ၁၆ ရက်က မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းနဲ့ သူ့ရဲ့ စီးပွားရေးလိုလားတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဆန့်ကျင် ဆန္ဒပြနေတာ အချိန်လေးလ ကြာခဲ့ပါပြီ။
ချီတက်ပွဲတွေအတွင်း အရင်သီတင်းပတ်တွေက အခြေအနေ ငြိမ်သက်ပြီး ပါဝင်ချီတက်သူ လျော့လာပေမယ့် ဒီတကြိမ်မှာတော့ ဆန္ဒပြပွဲက အကြမ်းဖက်လာခဲ့တာပါ။
ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့တွေ၊ မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲဖို့ ကြိုးစားခဲ့ပါတယ်။ သတင်းဌာနရုံးခွဲ အဆောက်အဦ မီးလောင်လို့ ပိတ်မိနေတဲ့ လူ ၂ ယောက်ကို အဆောက်အဦ ထဲကနေ မီးသတ်သမားတွေက ဆွဲထုတ် ကယ်ဆယ်ခဲ့ရတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
အဓိကရုဏ်းသမားတွေဟာ ဇိမ်ခံလက်ကိုင်အိတ် အရောင်းဆိုင်နဲ့ တခြားသတင်းစာ ရောင်းတဲ့ စင် ၂ စင်ကိုလည်း မီးရှို့ခဲ့တာပါ။
ရိပ်သာလမ်းတလျှောက်က အမှိုက်ပုံးတွေကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ လူ တသောင်းလောက် ပါခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ခန့်မှန်းပါတယ်။
အရင် စနေနေ့ကတော့ လူ အယောက် ၂၈၀၀ လောက်ပဲ တက်ခဲ့တာပါ။ ဆန္ဒပြပွဲတွေ အတွင်း လူ ၂၃၀ လောက် အဖမ်းခံခဲ့ရတယ်လို့ ပါရီ စီရင်စုရုံးက ပြောခဲ့ပါတယ်။
DVB







0 comments:
Post a Comment