Saturday, March 16, 2019

ဗင်နီဇွဲလားစစ်တပ် အပြောင်းအလဲကို မြင်လိုနေဟု အတိုက်အခံခေါင်းဆောင်ပြော


ဗင်နီဇွဲလားစစ်တပ်ဟာ နိုင်ငံတွင်းမှာ အပြောင်းအလဲတွေ ဖြစ်လာတာကို မြင်ချင်နေတယ်လို့ အတိုက်အခံ ခေါင်းဆောင် ဟွမ်ဂွယ်ဒိုက မတ်လ ၁၆ ရက်နေ့ ဗလန်စီယာမြို့ လူထုချီတက်ပွဲအတွင်း ထောက်ခံသူတွေကို ပြောလိုက်ပါတယ်။ 
ဂွယ်ဒိုဟာ လတ်တလောလတွေအတွင်း ဗင်နီဇွဲလား သမ္မတ မာဒူရိုကို စိန်ခေါ်ဖို့ သိုသိုသိပ်သိပ် နေနေရာကနေ ထွက်လာခဲ့တာပါ။ 

ကြားဖြတ်သမ္မတ အဖြစ်လည်း သူ့ကိုယ်သူ ကြေညာခဲ့ပါတယ်။ တရားရုံးရဲ့ ပိတ်ပင်ချက်ကို အာခံပြီး ဒေသတွင်း ခရီးထွက်ပြီး နိုင်ငံတကာ ထောက်ခံမှုရဖို့ စည်းရုံးခဲ့ပါတယ်။ 

နိုင်ငံတွင်းကို အကူအညီတွေ သွင်းဖို့ အားထုတ်မှုကတော့ မအောင်မြင်ခဲ့ပါဘူး။ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက ဂွယ်ဒိုကို ဗင်နီဇွဲလားရဲ့ တရားဝင် ခေါင်းဆောင် အဖြစ် အသိအမှတ် ပြုထားပါတယ်။ 

စစ်တပ်ထိပ်ပိုင်း အရာရှိအများစုက မာဒူရိုဆီကနေ ဂွယ်ဒိုဆီကို ဘက်ပြောင်းတာ မလုပ်ကြသေးပါဘူး။ ဆိုရှယ်လစ် အစိုးရဆီက အာဏာရဖို့ စစ်တပ်ရဲ့ ထောက်ခံမှုက အဓိက ကျနေတယ်လို့ လူအများအပြားက လက်ခံထားကြပါတယ်။ 

နိုင်ငံတွင်းမှာ အလွန်အမင်း ငွေကြေး ဖောင်းပွမှု၊ ရာဇဝတ်မှုတွေအပြင် ဆေးဝါးနဲ့ စားနပ်ရိက္ခာ ကျယ်ကျယ်ပြန့်ပြန့် ပြတ်လပ်နေပါတယ်။ 

မာဒူရို နိုင်ခဲ့တဲ့ မနှစ်က ရွေးကောက်ပွဲဟာ အလိမ်အညာလို့ ဂွယ်ဒိုက ပြောခဲ့ပါတယ်။ ဂွယ်ဒိုဟာ အာဏာသိမ်းဖို့ အမေရိကန်ရဲ့ ရုပ်သေးရုပ် လုပ်နေတယ်လို့ မာဒူရိုက စွပ်စွဲ ထားပါတယ်။

DVB

0 comments:

Post a Comment