ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမေးခွန်းပုံစံသစ် မြန်မာစာမေးခွန်းနံပတ် (၆)၊ အပိုင်း (ခ) ဆယ်မှတ်တန်တွင် ယခင်နှစ်များကဲ့သို့ စာစီစာကုံးကိုသာ ဖြေဆိုရခြင်းမဟုတ်ဘဲ ပေးထားအဆိုနှစ်ခုအနက် တစ်ခုကိုရွေးကာ ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ ဖြေခွင့်ပေးသည့်အပေါ် စဉ်းစားတွေးခေါ်မှုကို အားပေးသည့်မေးခွန်းဖြစ်၍ ဆရာ၊ ဆရာမအသိုင်းအဝိုင်းကထောက်ခံကြသည်။
ထိုမေးခွန်းတွင် နွေကျောင်းပိတ်ချိန်၌ ပျော်ရွှင်ဖွယ်ရက်များထက် ပျင်းရိဖွယ်ရက်များကပိုများသည် သို့မဟုတ် အဆိုကိုဆွေးနွေး၊ ရေးသားရခြင်းသည် စာစီစာကုံးရေးသားရခြင်းထက် ပိုနှစ်သက်ဖွယ်ကောင်းသည်ဟုမေးထားပြီး တစ်ခုကိုရွေးချယ်ကာ ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ ဆွေးနွေး၊ဖြေဆိုခိုင်းခြင်းဖြစ်သည်။
မြန်မာစာ လက်ထောက်ကထိက ဦးကျော်ဝေဖြိုးက “ဒီမေးခွန်းက Critical Thinking နဲ့ မြန်မာစာ၊ မြန်မာစကားကြွယ်ဝ ကျွမ်းကျင်မှုကို အားပေးတဲ့မေးခွန်း ဖြစ်ပါတယ်။ မြန်မာစာမေးခွန်းပုံစံပြောင်းတဲ့အထဲမှာ အသစ်အနေနဲ့ ပါလာတာဖြစ်ပါတယ်။ လုပ်သင့်တာကြာပါပြီ။ နောက်တောင်ကျနေပါသေးတယ်။ ဒီမေးခွန်းမျိုး မေးမြန်းံကိုထောက်ခံပါတယ်” ဟု ပြောသည်။
ထိုမေးခွန်းမျိုးသည် ကျောင်းသားများ၏ လွတ်လပ်စွာတွေးခေါ်နိုင်စွမ်းကို အားပေးသည့်မေးခွန်းဟုဆိုနိုင်ပြီး Bloom Taxonomy ၏ အသိဉာဏ်မြင့်မားမှုအဆင့်ကို တိုင်းတာသည့်အဆင့် ခြောက်ဆင့်နှင့်နှိုင်းယှဉ်သုံးသပ်လျှင် အဆင့်(၄) ခွဲခြမ်းစိတ်ဖြာသည့် အဆင့်၊ အဆင့် (၅) သုံးသပ်ဆုံးဖြတ်မှု အဆင့်များပါဝင်နေသည်ဟု ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့မှ ဆရာမတစ်ဦးကဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အထက (၁) မှဝင်ရောက်ဖြေဆိုသူကျောင်းသူတစ်ဦးက “မြန်မာစာကိုတော့ ဖြေနိုင်ပြီးပါပြီ။ ကိုယ့်အတွေးအခေါ်နဲ့ ဖြေဆိုရတဲ့ အဆိုနဲ့ထောက်ခံမေးခွန်းဆိုရင် ဖြေလို့အရမ်းကောင်းပါတယ်” ဟု စာမေးပွဲဖြေဆိုအပြီး မှတ်ချက်ပေးပြောကြားသည်။
မတ်လ ၆ရက်၊ မြန်မာစာနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ကျောင်းသူ ၄၆,၄၂၄ ဦးဖြေဆိုရန်ပျက်ကွက်ပြီး ရန်ကုန်တိုင်းက ပျက်ကွက်သူ ၇,၉၂၀ဦးဖြင့်အများဆုံးဖြစ်ပြီး ကယားပြည်နယ်က ၄၀၃ဦး အနည်းဆုံးပျက်ကွက်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရှိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေရန်လျှောက်ထားသူ ၈၉၇,၉၉၄ ဦးသည့်အနက် မြန်မာစာလာဖြေသူ ၈၅၁,၅၇၀ဦးရှိသည်။ ယင်းအနက် ကျောင်းသား ၃၉၁,၅၀၅ ဦးနှင့် ကျောင်းသူ ၅၀၆,၄၈၉ ဦးဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၄ဒသမ၈၃ ရာခိုင်နှုန်းရှိကြောင်း ယင်းဌာနထုတ်ပြန်ချက်အရ သိရှိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ မသန်စွမ်း ၁၄၇ဦးဖြေဆိုပြီး ၎င်းတို့ကို အဆင့်၁မှ ၁၀အတွင်းရှိ နဝမတန်းကျောင်းသားများ၏အကူအညီဖြင့် ဖြေဆိုခွင့်ပြုပြီး သာမန်ကျောင်းသားထက် ဖြေဆိုချိန်နာရီဝက် အချိန်ပိုပေးကြောင်း၊ နားမကြားသူများအတွက် Sign Language အတွက် ၁၅မိနစ်အချိန်ပိုပေးကြောင်း စာစစ်ဌာနထံမှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးရုံတွင်ဖြေဆိုသူ ၁၄ဦးရှိသည့်အနက် ရန်ကုန်ဆေးရုံကြီးတွင်ဖြေဆိုသူ ရဦးရှိသည်။ ယင်းအနက် ၃ဦးက တရားဝင်ခွင့်ပြုချက်ဖြင့်ကိုယ်စားကူညီဖြေဆိုပြီး၊ မြောက်ဥက္ကလာပဆေးရုံတွင် ရဦးဖြေဆိုသည်။ ဗဟိုအမျိုးသမီးဆေးရုံနှင့် မြောက်ဥက္ကလာ(ဝေဘာဂီ)ဆေးရုံတွင်ဖြေဆိုသူမရှိကြောင်း စာစစ်ဦးစီးဌာနထံမှ သိရှိရသည်။
ယခုနှစ်စာမေးပွဲတွင် ကျောင်းတွင်း၊ ကျောင်းပြင်ပဖြေဆိုသူများရှိသကဲ့သို့ အကျဉ်းကျကျောင်းသား၊ ကျောင်းသူများလည်း ယခင်နှစ်များကဲ့သို့ဝင်ဖြေရာ အကျဉ်းသား၊ အချုပ်သားစုစုပေါင်း ၁၇၁ဦးဖြေဆိုကြောင်း ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အကျဉ်းဦးစီးဌာနစာရင်းများအရ သိရှိရသည်။
အင်းစိန်ဗဟိုအကျဉ်းထောင်မှ ၇၁ဦး၊ မန္တလေးဗဟိုအကျဉ်းထောင်မှ ၇၁ဦး၊ လွိုင်ကော်အကျဉ်းထောင်မှ ၄ဦး၊ ဘားအံအကျဉ်းထောင်မှ ၁၅ဦး၊ တောင်ငူအကျဉ်းထောင်မှ ၄ဦး၊ မြိတ်အကျဉ်းထောင်မှ နှစ်ဦး၊ ကသာအကျဉ်းထောင်မှ နှစ်ဦး၊ သရက်အကျဉ်းထောင်မှ တစ်ဦးနှင့် မုံရွာအကျဉ်းထောင်မှ တစ်ဦး စုစုပေါင်း ၁၇၁ဦးဝင်ဖြေခဲ့သည်။
ဧရာဝတီတိုင်းတွင်မူ ဖြေရန်စာရင်းပေးထားသူ ၉၄,၉၄၃ ဦးအနက် ၈၈,၅၇၁ဦးလာရောက်ဖြေဆိုပြီး မြန်မာစာဖြေရန် ၆,၃၇၁ဦး ပျက်ကွက်ခဲ့သည်။ ဖြေဆိုသူများတွင် မသန်စွမ်း ၃၂ဦးပါဝင်သည်။ ၎င်းတို့ကို အဆင့်၁မှ၁၀အတွင်းရှိ ကိုးတန်းကျောင်းသားကို ကူညီဖြေခွင့်ပြုပြီး သာမန်ဖြေဆိုသူများထက် နာရီဝက်အချိန်ပိုပေးကြောင်း တိုင်းအခြေခံပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ရှင်းပြသည်။
"ဖြေဆိုသူတွေအနေနဲ့ ရိုးသား၊ ကြိုးစားဖြေကြဖို့၊ သတ်မှတ်အပုဒ်ပြည့်ဖြေဆိုကြဖို့နဲ့ မေးခွန်းပုံစံသစ်ဟာမခက်ခဲပါဘူး။ ကျောင်းသားရဲ့အသိနဲ့ဖြေရတဲ့ပုစ္ဆာတွေပါတယ်။ လေ့ကျင့်ထာပြီးဖြစ်လို့ကြိုးစားအားထုတ်ရုံနဲ့ အောင်ပါတယ်" ဟု ဦးကျော်ဝင်းက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် အထက်တန်းပညာသင်သည့် ကျောင်းပေါင်း ၅၆၇ ကျောင်းရှိပြီး အထက်ပြဆရာ ၅၁၄၂ ဦးရှိကြောင်း ၂၀၁၈ ခုနှစ်က စာဖြေဌာန ၂၄၈ခုရှိခဲ့ရာမှ ယခုနှစ် ၂၀၁၉ ခုနှစ်တွင် စာဖြေဌာန ၂၇၀ ခုရှိလာကြောင်း တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနရုံးထံမှ သိရသည်။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၅၀၀၀ကျော်အနက် တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီး၌ အူအတက်ရောင်ရောဂါဖြင့်ဖြေဆိုသူ အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့နေ အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ဝင်တန်း ကျောင်းသား တစ်ဦးသာရှိကြောင်း တောင်ငူခရိုင်ပညာရေးမှူးရုံးထံမှ သိရှိရသည်။
“အူအတက်ရောင်ရောဂါနဲ့ တောင်ငူဆေးရုံကြီးမှာ အခုလ ၃ ရက်က တက်ရောက်ခဲ့တာပါ။ ခွဲစိတ်ရမယ့်အခြေနေလည်းရှိလို့ ဆေးရုံမှာပဲဖြေဆိုခွင့်တင်လိုက်တာပါ” ဟု ဆေးရုံဖြေကျောင်းသား မောင်ပိုင်ဇေမြင့်မောင်၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။
မြန်မာပြည်အောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးတွင် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့(မြန်မာစာ)၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၅၀၀ကျော်စာမေးပွဲဖြေဆိုရန်ပျက်ကွက်ခဲ့သည်။ ကျောင်းသား ရ၇၆ဦး၊ ကျောင်းသူ ၈၀၉ဦး စုစုပေါင်း ၁၅၈၅ဦး ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။
တိုင်းပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး(ကြီးကြပ်/အကဲဖြတ်) ဒေါ်ဝင်းဝင်းကြည်က “တချို့(ကျောင်းသား) မိဘတွေ (နေရာ) ပြောင်းရွှေ့သွားလို့ ကျောင်းသားတွေပြောင်းသွားတာလည်း ရှိတယ်။ ကျန်းမာရေးအခြေအနေအရ လာမဖြေတဲ့သူလည်းရှိတယ်။ နှစ်တိုင်း ဒီလိုအမြဲပျက်နေကြပဲ” ဟု ပြောကြားသည်။
ပျက်ကွက်သူဦးရေမှာ မြိတ်ခရိုင်တွင် ၈၁၂ဦး၊ ထားဝယ်ခရိုင်တွင် ၅၂၃ဦး၊ ကော့သောင်းခရိုင်တွင် ၂၅၀ဦးရှိသည်။ တနင်္သာရီတိုင်းအတွင်း ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေရန်လျှောက်ထားသူ ၂၃,၀၀၀ ကျော်ရှိသည်။ စာစစ်ဌာနပေါင်း ၄၈ခုဖွင့်ထားကြောင်း တိုင်းပညာရေးမှူးရုံးစာရင်းများအရ သိရှိရသည်။
မွန်ပြည်သစ်ပါတီ အမျိုးသားပညာရေးဌာနကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားပညာရေးကျောင်းများဖြစ်သည့် ရေးချောင်းဖျားဒေသ ညီစားကျောင်းမှ ၃၀ဦး၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်္ကပါကျောင်းမှ ၃၀ဦး၊ ရေးမြို့နယ် အံဒင်ကျောင်းမှ ၅၄ဦး စုစုပေါင်း ၁၁၄ဦး ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြောင်း မွန်အမျိုးသားပညာရေးကော်မတီထံမှ သိရှိရသည်။
ညီစားနှင့် အံဒင်ကျောင်းတို့မှ ကျောင်းသားများသည် ရေးမြို့ရှိစာစစ်ဌာနတွင်ဝင်ဖြေပြီး၊ ဝင်္ကပါမှ ကျောင်းသားများသည် ကြာအင်းဆိပ်ကြီးမြို့ရှိစာစစ်ဌာနတွင် ဝင်ဖြေကြသည်။ မွန်အမျိုးသားပညာရေးကျောင်းများမှ ကျောင်းသားများသည် တက္ကသိုလ်ဝင်စာမေးပွဲကို မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲခဲ့သည့်နောက်ပိုင်း ၁၉၉၆ ခုနှစ်မှ စတင်ဖြေဆိုခွင့်ရရှိခဲ့သည်။
မွန်အမျိုးသားပညာရေးကော်မတီမှ တာဝန်ခံဆရာမင်းအောင်ဇေက “MNEC(မွန်အမျိုးသားပညာရေးကော်မတီ)က ကျောင်းသူ၊ ကျောင်းသားတွေက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အပြင်ဖြေနဲ့ပဲဝင်ဖြေရတယ်။ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးတွေရဲ့ ထောက်ခံချက်နဲ့ပေါ့” ဟု ပြောကြားသည်။
မွန်အမျိုးသားပညာရေးဌာနကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများသည် မိခင်ဘာသာစကားအခြေပြုသင်ကြားရေး ကျောင်းများဖြစ်ပြီး အထက်တန်းကျောင်း ၃ကျောင်းအပါအဝင် ကျောင်းပေါင်း ၁၃၃ ကျောင်းရှိကြောင်း မွန်အမျိုးသားပညာရေးကော်မတီထံမှ သိရှိရသည်။
၂၀၁၈-၂၀၁၉ပညာသင်နှစ်တွင် မွန်ပြည်နယ်တစ်ခုလုံး၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေရန် စာရင်းပေးလျှောက်ထားသူ ကျောင်းသူ၊ ကျောင်းသား ၃၀၅၇၉ဦးရှိပြီး မြန်မာစာဖြေသည့်ပထမနေ့တွင် ကျောင်းသူ၊ ကျောင်းသား ၂၈၈၂၁ဦး လာရောက်ဖြေဆိုကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။
The Voice







0 comments:
Post a Comment