နာမည်ကြီး ဘော်ဒါဆောင်များရှိသော မန္တလေးတိုင်း မလှိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို ချိန်ကာလ၌ ယင်းမြို့ရှိ တည်းခိုခန်းနှင့် အိမ်ခန်းငှားရမ်းသည့်အိမ်များတွင် ရပ်ဝေးဧည့်သည်များဖြင့် ပြည့်နှက်နေသဖြင့် ဘုန်းကြီးကျောင်းနှင့် ဘုရားများတွင်တည်းခိုနေရကြောင်း ဧည့်သည်များနှင့် ဒေသခံများထံမှ သိရသည်။
“တည်းခိုခန်းတွေကတော့ အကုန်အပြည့်ပဲ။ အိမ်ကျယ်တဲ့ လူတွေက အခန်းငှားကြတာတွေရှိတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း အပြည့်ပဲ”ဟု မလှိုင်မြို့ (၈၈) ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးသက်နိုင်ဝင်းက ပြောဆိုသည်။
မလှိုင်မြို့ရှိ ဘော်ဒါဆောင်အများစုသည် တက္ကသိုလ်ဝင်တန်းအောင်ချက်ကောင်းမွန်သဖြင့် အနယ်နယ် အရပ်ရပ်မှ ကျောင်းသား၊ ကျောင်းသူများ လာရောက်ပညာသင်ကြားကြ၍ စာမေးပွဲရက်များတွင် ကျောင်းသားမိဘများပါ စာမေးပွဲလာစောင့်ကျခြင်းကြောင့် ထိုသို့ တည်းခိုခန်းများပြည့်သွားရခြင်းဖြစ်သည်။
“ဆယ်တန်းစာမေးပွဲကာလမှာ တည်းခိုခန်းနဲ့ ဧည့်သည်မလောက်တဲ့အခါမှာ တစ်မြို့လုံး တည်းခိုခန်း ဖြစ်သွားတယ်။ စာမေးပွဲမတိုင်ခင် တစ်ရက်နှစ်ရက်မှာ ပြည့်ကုန်တာ။ တည်းခိုခန်းခတွေက ပုံမှန်အတိုင်းပဲ ယူပါတယ်။ တည်းခိုခန်းခက ငါးထောင်ကနေ မိသားစုခန်းဆိုရင် နှစ်သောင်း၊ သုံးသောင်းလောက်အထိ ရှိပါတယ်။ ပိုက်ဆံသိပ်ပြီး အဆင်မပြေတဲ့သူကတော့ အိမ်တစ်လုံးကို ငါးသောင်း၊ တစ်သိန်းပေးပြီးငှား လိုက်တယ်။ ဆယ်ရက်ကို ဆယ်ယောက်လောက် ပေါင်းပြီးနေတယ်။ အဲဒီလိုတွေလည်း သက်သာအောင် လုပ်ပါတယ်”ဟု ရွှေဝါဝါဝင်း တည်းခိုခန်းပိုင်ရှင် ဦးချိုပြုံးက ပြောဆိုသည်။
ယခုနှစ်စာမေးပွဲကာလ၌ မလှိုင်မြို့သို့ လာရောက်သည့် ဧည့်သည်များအနေဖြင့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဝယ်သူသုံးစွဲရာတွင် အများစုမှာ ပုံမှန်ဈေးနှုန်းဖြင့်သာ ဝယ်ယူသုံးစွဲနိုင်ကြောင်း ရှမ်းပြည်နယ် တောင်ကြီးမြို့မှ လာရောက်သော ကျောင်းသားမိခင်တစ်ဦးက ဆိုသည်။
မလှိုင်မြို့နယ်တွင် ၂၀၁၈-၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာစစ်ဌာန (၈) ခုရှိပြီး စာမေးပွဲဖြေဆိုခွင့်ရသူ ၅၀၅၁ ဦးတွင် ၄၉၇၇ ဦးခန့် ဝင်ရောက်ဖြေဆိုကြောင်း ယင်းမြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ဓာတ်ပုံ-ကျော်စိုးမိုး
The Voice







0 comments:
Post a Comment