အပြည်ပြည်ဆိုင်ရာ ကလေးများ ကျောင်း(ISY) နေပြည်တော်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ် ၊ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ Pacific Hotel တွင် ကျင်းပပြုလုပ်သည့် အဆိုပါ ကျောင်းခွဲသစ်နှင့် ပတ်သက်သည့် မီဒီယာ ရှင်းလင်းပွဲ တွင် ISY ၏ ဒါရိုက်တာ Dr.Gregory A.Hedger က ပြောကြားခဲ့သည်။
"ISY နေပြည်တော် မှာဖွင့်လှစ်ရတဲ့ အကြောင်းက ပညာရေးလေ့လာမှု အတွက် အကောင်းဆုံးဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပေးစွမ်းသွားချင်တဲ့ အတွက်ကြောင့်ပါ။ အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း (ISY ) ရဲ့ သမိုင်းကိုကြည့်ရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းနဲ့ ပိုမိုကျယ်ပြန့်တဲ့ ကမ္ဘာကြီးအတွက် ဝန်ဆောင်မှုတွေ ပေးနိုင်ခဲ့ပါတယ်။ ISY (နေပြည်တော်) ဟာ နေပြည်တော်အတွင်း သာမကဘဲ ပိုမို ကျယ်ပြန့်တဲ့ မြန်မာပြည်အထက်ပိုင်း ဒေသတွေအထိ ဒေသခံ လူ့အဖွဲ့ အစည်းနဲ့ နိုင်ငံတကာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ မိမိတို့ရဲ့ ကလေးငယ်အတွက် အဆင့်မြင့် နိုင်ငံတကာ ပညာရေးကို ရှာဖွေနေတဲ့ မိဘတွေအတွက် အကောင်းဆုံး နေရာပါပဲ " ဟု ၎င်းက ပြောကြားခဲ့သည်။
"ISY ရန်ကုန်ဟာ မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင့်မီ ပညာရေးကို ပေးအပ်နိုင်တဲ့ ယုံကြည်စိတ်ချရတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ အခုလိုနေပြည်တော်မှာ ကျောင်းခွဲ အသစ် လာရောက်ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ လူမှုဘဝ တိုးတက်လာစေမယ့် အနာဂတ်ကို ဖန်တီးဖို့ အကူအညီ အထောက်အပံ့ ကောင်းတစ်ခု ဖြစ်စေမှာဖြစ်ပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဒုတိယညွန့်ကြားရေးမှူး ဦးဇော်ထွန်းဦးက ထပ်မံပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း (ISY)သည် သံတမန် အသိုင်းအဝိုင်းနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေကြသော မိသားစုများအတွက် ရည်ရွယ်၍ ၁၉၅၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၊ ယခုအခါ နိုင်ငံပေါင်း ၄၈ နိုင်ငံမှ ကျောင်းသားပေါင်း ၈၀၀ တက်ရောက်နေသည့် မြန်မာနိုင်ငံတွင် အကြီးဆုံး အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း ဖြစ်သည်။
ISY သည် Western Association of School and College (WASC) ၏ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် ရရှိထားသော သင်တန်းကျောင်းဖြစ်ပြီး East Asian Regional Council of Schools (EARCCS) ၏ အဖွဲ့ဝင် ဖြစ်သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း (ISY)ကို လာမည့် စက်တင်ဘာလတွင် နေပြည်တော်ရှိ juction hotel ဝင်းကြီးအား ISYအဖြစ် ပြောင်းလဲ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး မူလတန်းမှစ၍ Grade.8 အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပြီး အမေရိကန် သင်ရိုညွန်းတမ်းနှင့် အညီ သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။
Isee Media











0 comments:
Post a Comment