လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ NCA အကောင်အထည်ဖော်မှုလမ်းကြောင်းသည် မူလရည်မှန်းထားသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအပြည့်အဝရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လမ်းကြောင်းမှ သွေဖည်သွားပြီဖြစ်ကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားလိုက်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ တရားဝင်ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မတ်လ ၅ ရက်နေ့က စတင်ကျင်းပခဲ့ရာ ယင်းအစည်းအဝေးတွင် PPST ခေါင်းဆောင်လည်းဖြစ်သူ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
အပစ်ရပ်လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များအနေနှင့် PPST အပါအဝင် တရားဝင်အစည်းအဝေးများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလလယ်ပိုင်းက နောက်ဆုံးပြုလုပ်ထားခြင်းဖြစ်ပြီး လေးလအကြာတွင် ယခုကဲ့သို့ပြန်လည်ကျင်းပခြင်းဖြစ်သည်။
ယင်းသို့ လမ်းကြောင်းသွေဖည်သွားခြင်းကို ဓမ္မဓိဋ္ဌာန်ကျကျ ပြန်လည်သုံးသပ်ကာ တည့်မတ်ရန် အထူးလိုအပ်နေပြီး လမ်းကြောင်းအပြောင်းအလဲဖြစ်ရန်လိုအပ် လာပြီဆိုပါက NCA ပေးထားချက်များနှင့် သွေဖည်ခြင်းမရှိစေဘဲ ပါဝင်သူအားလုံးအကြား အကျေအလည် ညှိနှိုင်းဆွေးနွေးရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တိုက်တွန်းပြော ဆိုသည်။
လမ်းကြောင်းသွေဖည်သွားခြင်းကို ပြန်လည်တည့်မတ်ရန် ရည်ရွယ်ချက်ဖြင့် KNU နှင့် RCSS ဥက္ကဋ္ဌ နှစ်ဦးက ဆွေးနွေးစရာအချက်သုံးချက်ပါဝင်သည့် စာတစ်စောင်ကို လက်မှတ်ရေးထိုးကာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ ပေးပို့ထားပြီးဖြစ်ကြောင်း၊ ယင်းစာပါအကြောင်းနှင့်ပတ်သက်၍ ဘုံသဘောထားရယူကာ ရှေ့ဆက်သွားမည့်အခြေအနေများကို ဆွေးနွေးရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေတဲ့အနေအထားကနေ အပေါင်းလက္ခဏာဆောင်ပြီး ပိုမိုကောင်းမွန်တဲ့ အရွေ့တစ်ခုကို ဖန်တီးနိုင်ဖို့လိုအပ်နေတယ်လို့လည်း ကျွန်တော်တို့ KNU နဲ့ RCSS တို့က ရှုမြင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အကြားမှာ အကျေအလည်ညှိနှိုင်းဆွေးနွေးနိုင်မယ့် အထူးအစည်းအဝေး (Extra-ordinary Meeting) တစ်ရပ် လိုအပ်နေပြီဖြစ်လို့ အခုလိုခေါ်ယူတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS လက်နက်ကိုင်အဖွဲ့ တို့အနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှင့်ပတ်သက်သည့် တရားဝင်အစည်းအဝေး များမှ ဘေးထွက်နေသည့်အခြေအနေမှ ယခုမှသာ ပြန်လည်ဝင်ရောက်ဆွေးနွေးလာခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးကို မတ်လ ၅ ရက်မှ ၆ ရက်နေ့ထိကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးသို့ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအဖွဲ့ PPWT အဖွဲ့ဝင်များနှင့် နည်းပညာအထောက်အကူပြုများ တက်ရောက်ဆွေးနွေးလျက်ရှိသည်။
The Voice






0 comments:
Post a Comment