Sunday, March 17, 2019

NCA လက်မှတ်မထိုးသေးသည့် လက်နက်ကိုင် ၈ ဖွဲ့ အစိုးရဖိတ်ခေါ်ချက်အရ နေပြည်သွားမည်



အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို (NRPC) မှ အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) လက်မှတ်မထိုးထားသေးသည့် တိုင်းရင်းသားလက်နက်ကိုင်းများကို တွေ့ဆုံရန် ဖိတ်ခေါ်ချက်အရ ၈ ဖွဲ့ လုံး နေပြည်တော် သွားကြမည်ဟု သိရသည်။ 

ဝ တပ်ဖွဲ့ ခေါင်းဆောင်မှုပြုနေသည့် FPNCC အဖွဲ့ဝင် ၇ ဖွဲ့ (ကချင်လွတ်လပ်ရေးတပ်မတော် အပါအ၀င်) UNFC အဖွဲ့ဝင်မှ မကြာမှီက နှုတ်ထွက်ထားသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့အား တွေ့ဆုံရန် NRPC အတွင်းရေးမှူး (ကိုယ်စား) ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။ 

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် လားရှိုးရုံးတာဝန်ခံ ဦးညီရန်းက နေပြည်တော်အစိုးရနှင့် သွားရောက် တွေ့ ဆုံမည့်အကြောင်း သတင်းထောက်ဆက်သွယ်မေးမြန်းချက်များအား ဖြေကြားသကဲ့သို့ FPNCC အဖွဲ့ဝင် မဟုတ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး (၂) ခူးဒယ်နီယာကလည်း - “ချင်းမိုင် အလွှတ်သဘော တွေ့ဆုံကတည်းက သွားတွေ့မယ်လို့ ဆုံးဖြတ်ထားပြီးပြီ။ အခု သွားဖို့ပြင်ဆင်နေပါတယ်။ အကောင်းဆုံးဖြစ်လာဖို့မျှော်လင့်ပါတယ်။ ရင်းနှီးမှုတို့ ၊ ယုံကြည်မှုတို့ တစုံတရာ ဖြစ်လာမှာပါ ”- ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။ 
ထိုတွေ့ဆုံဆွေးနွေးပွဲ ကိစ္စနှင့် ပတ်သတ်ပြီး သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် က “ ကျနော်တို့ တက်မှာပါ။ လက်ရှိမှာတော့ ဘယ်ခေါင်းစဉ်တွေ ဆွေးနွေးမယ်ဆိုတာ ပြောပြလို့မရ သေး ပါဘူး” ဟု သျှမ်းသံတော်ဆင့် ကို ဖြေကြားခဲ့သည်။ 
ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (နေပြည်တော်) တွင် မတ် ၂၁ ရက် မနက် ၁၀ နာရီ တွင် ပြုလုပ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းထုတ်ပြန်ချက် တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တဖွဲ့လျှင် ခေါင်းဆောင် ၁ ဦး၊ အဖွဲ့ဝင် ၁ ဦး တက်ရောက်ပေးရန် ဖိတ်ကြားထားကြောင်းသည်။ 
ထို့အပြင် NRPC နှင့် တွေ့ဆုံးပြီးနောက်ပိုင်း တပ်မတော် ညှိနှိုင်းဆွေးနွေးရေး အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တဖွဲ့ချင်း စီ တွေ့ဆုံ ဆွေးနွေးလိုသည့် အဖွဲ့အစည်းများ ကြိုတင် ပြန်ကြားပေးရန်လည်း ရေးသား ထားသည်။ 
NCA လက်မှတ်မရေးထိုးရသေးသည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ သျှမ်းပြည်နယ် အရှေ့ပိုင်း ငြိမ်းချမ်းရေး နှင့် စည်းလုံးရေး ကော်မတီ (PSC) ၊ သျှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) ၊ ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) ၊ မြန်မာနိုင်ငံ အမှန်တရား နှင့် တရားမျှတ သော အမျိုးသားပါတီ MNTJP ၊ ရက္ခိုင် အမျိုးသားအဖွဲ့ ချုပ်( ULA ) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့ ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ကြား ခဲ့သည်။ 

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ် 
Panglong(Burmese) 

0 comments:

Post a Comment