ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက NLD ကိုယ်စားပြု စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ နှင့်အတူ မြို့နယ်အချို့တွင် စည်းရုံးရေးဆင်းခဲ့ကြောင်း သိရသည်။
မတ် ၂၇ ရက်တွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် သာကေတ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ လမ်းမတော် နှင့် ပန်းဘဲတန်းမြို့နယ်များတွင် ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး၊ ဈေးသူ၊ ဈေးသားများ၊ ဒေသခံများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ NLD ကိုယ်စားပြု စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများနှင့်အတူ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း Yangon Region Government Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ထို့ပြင် မတ် ၂၈ ရက်တွင် ရန်ကင်းမြို့နယ်တွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒီနေ့ ဝန်ကြီးချုပ်ကွင်းဆင်းခဲ့တာ ဟုတ် ပါတယ်။ ရန်ကုန်တိုင်းမှာ မြို့နယ်အလိုက် ကွင်းဆင်းတာပဲ၊ အဓိကကတော့ စည်းရုံးရေး ရယ်၊ သန့်ရှင်းရေးအတွက်ရယ် ကွင်းဆင်းတာ ဖြစ်တယ်။ အဲဒီအတွက် ပြည်သူတွေနဲ့ တွေ့ဖို့ အတွက်ပါ၊ စည်းရုံးရေးကတော့ ရွေးကောက် ပွဲအတွက် စည်းရုံးရေးပါ” ဟု ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ပြော ကြားသည်။
ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စည်ပင်သာယာ နယ်နိမိတ်မြို့နယ်များတွင် ရေမြောင်းဆယ်ခြင်းများ လိုက်လံကြည့်ရှုမှုသည် မဲဆွယ်စည်းရုံးခြင်းသာဖြစ်ပြီး ယခုကဲ့သို့ ပြုမှုဆောင်ရွက်မှုမှာ မသင့်တော်ကြောင်း စည်ပင်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အမှတ် (၃) မှ ကော်မတီဝင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးနေလင်းဇင်က ပြောကြားသည်။
“အစောကြီးကတည်းက ပါတီအလံနဲ့ ဝင်ပြိုင်တာ မဖြစ်သင့်ဘူး။ ပြီးတော့ အမှန်အတိုင်းပြောရရင် တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူကလည်း လူနှစ်ယောက်လောက် မြောင်းဆယ်တာကို အုံလိုက်ကျင်းလိုက်သွားပြီး မဲဆွယ်နေတယ်”ဟု ဦးနေလင်းဇင်က ပြော ကြားသည်။
ထို့ပြင် စည်ပင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လက်ရှိ ပြည်သူ့ကိုယ်စား တာဝန်ယူ ဆောင်ရွက်နေရသော လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင် စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်နေခြင်းသည် မဖြစ်သင့်ကြောင်း စည်ပင်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အမှတ် (၃) မှ ကော်မတီဝင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဝင်းချိုက ပြောကြားသည်။
“ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ အခက်အခဲတွေကို အတိုင်းအတာ တစ်ခုအထိ လုပ်ပိုင်ခွင့် ရှိထားတာ ဖြစ်တယ်။ အဲဒီလိုလုပ်ပိုင်ခွင့် ရှိထားတဲ့သူတွေက ဝိုင်းဝန်း မဲဆွယ်ပေးတယ်ဆိုတာ ဒီလူတွေကို မဲပေးရင် လုပ်ပိုင်ခွင့်ထဲကနေ ကူညီမယ်ဆိုတဲ့ သဘောထားမျိုးတောင် ဖြစ်နေပါတယ်” ဟု ဦးဝင်းချိုက ပြောကြားသည်။
ယခုလို အခြေအနေမျိုးတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိမည်ဆိုပါက အလွန်ဂုဏ်ယူစရာ ကောင်းမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အနေဖြင့် အနိုင်ရရှိရန် မလွယ်ကူကြောင်း ဦးဝင်းချိုက ဆက်လက် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ Facebook စာမျက်နှာ တစ်ခုဖြစ်သော Yangon Region Government Facebook စာမျက်နှာတွင် မတ် ၂၆ ရက် ညပိုင်းက “ ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက် ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၃၃ မြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများကို ပြည်သူများရဲ့ ညီညွတ်မှုအင်အားဖြင့် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်စေဖို့ မဲဆန္ဒရှင်ပြည်သူများ မပျက်မကွက် မဲရုံသို့သွားပြီး NLD စည်ပင်သာယာရေး ကိုယ်စားလှယ်လောင်းများကို မဲပေးကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်” ဟု စာသားနှင့်အတူ NLD စည်ပင်သာယာရေး ကိုယ်စားလှယ်လောင်းများ မဲဆွယ်နေသည့် ဗီဒီယိုဖိုင်အား တင်ထားခဲ့ခြင်အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး ယင်းဗီဒီယိုဖိုင်အား မတ် ၂၇ ရက်တွင် ပြန်လည်ဖြုတ်ချခဲ့သည်။
Eleven Media Group
0 comments:
Post a Comment