Thursday, March 14, 2019

TNLA လက်နက်ကိုင်အဖွဲ့က ဖမ်းထားသည့် ခိုလုံလီရှောတိုင်းရင်းသား ၁၆ ဦးကျန်၊ အစိုးရအနေဖြင့် လူနည်းစု တိုင်းရင်းသားများကို ပစ်ပယ်မထားရန်တောင်းဆို


TNLA (တအာင်း) လက်နက်ကိုင်အဖွဲ့တွင် ဖမ်းခံထားရသည့် ခိုလုံလီရှော တိုင်းရင်းသူ/သား ၄၉ ဦးအနက် ၁၆ ဦး မလွတ်သေးဘဲ ယင်းတိုင်းသားများ အနိုင်ကျင့်နှိပ်စက်ခံနေရမှုကို သက်ဆိုင်ရာအစိုးရအဖွဲ့အနေဖြင့် လျစ်လျူရှုပစ်ပယ်မထားရန် တောင်းဆိုကြောင်း ယင်းတိုင်းသားများက ဆိုသည်။ 
မတ်လ ၁၃ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသမှ ခိုလုံလီရှောတိုင်းရင်းသူ/သား ၂၀ ခန့်က မန္တလေးမြို့ မီဒီယာစင်တာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ယင်းတိုင်းရင်းသားများက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

“တစ်ယောက်စနှစ်ယောက်စက အမြဲဖမ်းနေတာ။ ခိုလုံလီရှော တိုင်းရင်းသားတွေကို တွေ့တဲ့နေရာ ဖမ်းတယ်။ ဒါက လူအခွင့်အရေး ချိုးဖောက်ခံနေရတာ။ တိုင်းရင်းသားအချင်းချင်း အနိုင်ကျင့်၊ ယုတ်ညံ့တဲ့ ပုံစံနဲ့လုပ်နေတာလို့ ခံစားရတယ်။ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့က လူနည်းစု တိုင်းရင်းသားတွေကို ပစ်ထားသလို ဖြစ်နေတယ်”ဟု ပန်းဆေးလူငယ်ပြန်ကြားရေးအဖွဲ့ အဖွဲ့ဝင် မခင်သိမ့်သိမ့်ထွန်းက ပြောကြားသည်။ 

လတ်တလောပြန်လွတ်လာသူများမှာလည်း မိသားစုက တစ်ဦးလျှင် ကျပ် ၂ သိန်း၊ ကျပ်သိန်း ၃၀ နှင့် သိန်း ၅၀ ဟူ၍ TNLA နှင့် ဆက်စပ်သူများကို ချိတ်ဆက်၍ ငွေကြေးပေးသွင်းခြင်းကြောင့်သာ ပြန်လွတ်ခဲ့ခြင်းဖြစ်ကြောင်း မခင်သိမ့်သိမ့်ထွန်းက ပြောကြားသည်။ 

၂၀၁၈ ခုနှစ် ဇွန်လမှ ယခုနှစ် မတ်လအထိ ၁၀ လအတွင်း ပန်းဆေးဒေသရှိ ခိုလုံလီရှောတိုင်းရင်းသားများကို TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးလက်နက်ကိုင်အဖွဲ့) က အစုလိုက်အပြုံလိုက်ဖမ်းဆီးမှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီးနှင့် ကလေးအပါအဝင် စုစုပေါင်းဖမ်းဆီးခံရသူဦးရေ ၄၉ ဦးအထိရှိကြောင်း ၎င်းတို့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ 

TNLA အဖွဲ့သည် ဖမ်းဆီးခံရသူများကို ပါးရိုက်ခြင်း၊ ထိုင်ထလုပ်ခိုင်းခြင်း၊ ဒိုက်ထိုးခိုင်းခြင်း၊ အေးခဲသော ထမင်းခဲကိုသာ စားခိုင်းခြင်းအစရှိသည့် အပြုအမူများကို ပြုလုပ်ကြကြောင်း၊ ၎င်းတို့၏ မိသားစုဝင်များက ငွေကျပ်သိန်း ၃၀ ဖြင့် ပြန်လည်ရွေးယူခဲ့သောကြောင့် လွတ်မြောက်ခဲ့ရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရပြီး လွတ်မြောက်လာသူ ခိုလုံလီရှောတိုင်းရင်းသားနှစ်ဦးက ပြောကြားသည်။ 

TNLA အဖွဲ့သည် ဖမ်းဆီးထားသူများကို ငွေပေး၍ ပြန်လည်ရွေးယူစေခြင်းမရှိဘဲ မူးယစ်ဆေးဝါး စိုက်ပျိုးရောင်းဝယ်မှုနှင့်ဆက်စပ်သည့် မည့်သည့်လူမျိုးကိုမဆို ဖမ်းဆီးခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဗိုလ်မှူး တာအိုက်ကျော်က တုံ့ပြန်ပြောကြားသည်။ 

“ပြစ်ဒဏ်ချမှတ်ပြီးတဲ့သူတွေကို ပြန်လွှတ်တယ်။ ကျောင်သား၊ လူငယ်တွေကို မိဘထံ ပြန်လွှတ်ပြီး ဖြစ်ပါတယ်။ အပြစ်မဲ့လူထုကို အကြောင်းမဲ့ ဖမ်းဆီးဖို့ မူဝါဒမရှိပါဘူး။ ခိုလုံလီရှောတိုင်းရင်းသားမို့ ဖမ်းတာ မဟုတ်ပါဘူး။ အဖမ်းခံရတာက တအာင်းလူမျိုးတောင် ပိုများပါတယ်”ဟု ၎င်းက ပြောဆိုသည်။ 

တိုင်းရင်းသားများကို ဘိန်းစိုက်ပျိုး၍ ဖမ်းဆီးသည်ဟုဆိုခြင်းမှာ ငွေညှစ်ချင်သောကြောင့် အကြောင်းပြခြင်းသာဖြစ်ပြီး လတ်တလောကာလတွင် ပန်းဆေးဒေသ၌ ဘိန်းစိုက်ပျိုးမှုပပျောက်နေပြီဖြစ်ကြောင်း မခင်သိမ့်သိမ့်ထွန်းက မှတ်ချက်ပြုသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသတွင် ယခင်ကခိုလုံလီရှောတိုင်းရင်းသားလူဦးရေ ခြောက်သောင်းခန့်ရှိရာမှ ယခုအခါ နယ်မြေလုံခြုံမှု မရှိသောကြောင့် ယင်းဒေသတွင် နေထိုင်သူလူဦးရေ နှစ်သောင်းခန့်သာ ကျန်ရှိတော့ကြောင်း ပန်းဆေးလူငယ်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ 


ဓာတ်ပုံ - ဘုန်းနေ
The Voice

0 comments:

Post a Comment